သုဝဏ္ဏဝတီမြို့မှာ မိုးကြိုးပစ်လို့ ကလေးငယ် ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ

Author CJ Platform
Categories
Published on Nov 05, 2026

မွန်ပြည်၊ သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကတိုက်ကလေးကျေးရွာမှာ နိုဝင်ဘာ ၄ ရက် နေ့လယ် ၂ နာရီခန့်က မိုးကြိုးပစ်လို့ ကလေးငယ်တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီနေ့ နေ့လယ် ၂ နာရီခန့်က ကတိုက်ကလေးကျေးရွာရှိ ကောက်ရိုးပုံမှာ ကလေးငယ် ၃ ဦး ကစားနေစဉ် မိုးကြိုးပစ်ခံရပြီး တစ်ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကလေး ၃ ယောက် ကစားနေတဲ့အချိန် လျှပ်စီးလက်ပြီး မိုးကြိုးပစ်တာ။ ၄ နှစ်အရွယ်ကလေး သေတယ်။ ၈ နှစ်အရွယ် ကလေးမလေးနဲ့ ၁၂ နှစ်အရွယ်ကလေး ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ ကလေး ၂ ယောက်ကို ဆေးရုံတင်ထားရတယ်” လို့ ပြောပါတယ်။

 

မိုးကြိုးပစ်ခံရလို့ သေဆုံးသွားတဲ့ ကလေးငယ်ဟာ ၄ နှစ်အရွယ် မောင်ညီသုတဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ ကလေး ၂ ဦးကတော့ ၈ နှစ်အရွယ် မရှင်းလင်းထက်နဲ့ ၁၂ နှစ်အရွယ် မောင်ထက်မြတ်အောင်တို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဒဏ်ရာရတဲ့ ကလေးနှစ်ယောက်ကို သိမ်ဆိပ်တိုက်နယ်ဆေးရုံကနေ ရဲဆေးစာနဲ့ သထုံဆေးရုံကြီးကို လွှဲပေးလိုက်တယ်။ လက်ရှိ ကလေး ၂ ယောက်က ဆေးကုသမှုခံယူနေရတယ်” လို့ ပြောပါတယ်။

 

လက်ရှိမှာ မရှင်းလင်းထက်နဲ့ မောင်ထက်မြတ်အောင်တို့ဟာ သထုံဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီခန့်ကလည်း မွန်ပြည်၊ မုဒုံမြို့နယ် မီတာ ၄၀၀ ဘောလုံးကွင်းမှာ ဘောလုံးကစားနေတဲ့ အသက် ၂၂ နှစ်အရွယ် အားကစားသမားတစ်သီး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news