စစ်ကြောင်းနှစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ယောဒေသခံတောင်သူတွေ စပါးရိတ်သိမ်းခွင့် နောက်ကျမှာကို စိုးရိမ်နေ
ယောဒေသအတွင်း စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်း အင်အားထပ်မံတိုးချဲ့ဝင်ရောက်လာတာကြောင့် ဆောမြို့နယ် ကျောက်ထုဒေသက ယခင်စစ်ကြောင်းထိုးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ကျေးရွာတွေမှာ စပါးရိတ်သိမ်းချိန် နီးကပ်လာပေမဲ့ လယ်ယာမြေတွေကို ဝင်ရောက်ရိတ်သိမ်းခွင့်မရမှာကို ဒေသခံတောင်သူတွေ စိုးရိမ်နေကြပါတယ်။
နိုဝင်ဘာ ၁ ရက်နဲ့ ၂ ရက်မှာ လောင်းရှည် က.ပ.စ ၂၅ ကနေ အင်အား ၃၀၀ ဝန်းကျင်ကို ကျင်ဒွေးစစ်မျက်နှာအတွက်၊ ပေါက် က.ပ.စ ၂၄ ကနေ အင်အား ၄၀၀ ဝန်းကျင်ကို ကျောက်ထု အမတ ၃၆၈ အတွက် ထပ်မံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲက ပေါက် က.ပ.စ ၂၄ က ထွက်လာတဲ့ အင်အား ၄၀၀ ဝန်းကျင်ရှိ စစ်ကြောင်းဟာ နိုဝင်ဘာ ၄ ရက်မှာ ဆောမြို့နယ် ကျောက်ထုဒေသ တပြင်းကျေးရွာကို ရောက်ရှိလာပြီး လမ်းကြောင်းတစ်လျှောက် ဒရုန်းတွေ အသုံးပြုကာ လမ်းရှင်းချီတက်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကြောင်းထိုးမှုတွေကြောင့် တပြင်း၊ ကြီး စတဲ့ ကျေးရွာတွေမှာ ယခင်စပါးစိုက်ပျိုးရာသီကတည်းက လယ်ယာလုပ်ငန်းတွေ မလုပ်ကိုင်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုတစ်ကြိမ် စစ်ကြောင်းထပ်မံဝင်ရောက်လာတာကြောင့် အညာပန်းပလွန်း၊ အကြည်ပန်းပလွန်း၊ နသိုး၊ သရက်ချဉ်နဲ့ ပန်းဆန်ကျေးရွာတွေက တောင်သူတွေဟာ စပါးရိတ်သိမ်းချိန် နောက်ကျမှာကို စိုးရိမ်နေကြပါတယ်။
“အရင်တစ်ခေါက်ကလည်း စစ်ကြောင်းလာချိန် ပြေးရတယ်။ အခုလည်း ပြေးရဦးမှာလား မသိဘူး။ စပါးတွေက သိမ်းခါနီးနေပြီ” လို့ ကျောက်ထုဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကလည်း ဆောမြို့နယ် သီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး စစ်ဘေးရှောင်နေသူတွေရဲ့ နေအိမ် ၉ လုံးခန့်ကို မီးရှို့ခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကြောင်းထိုးလာချိန်မှာ ရွာထဲပြန်ဝင်ပြီး စပါးရိတ်သိမ်းဖို့လည်း ဖမ်းဆီးခံရတာ၊ အသတ်ခံရတာတွေ ရှိနိုင်တဲ့အတွက် ဒေသခံတွေဟာ လုံခြုံရေးအခြေအနေကို စိုးရိမ်နေရတယ်လို့ ဆောမြို့နယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စပါးရိတ်သိမ်းချိန် နောက်ကျတာ ဒါမှမဟုတ် မရိတ်သိမ်းနိုင်တာကြောင့် စပါးအထွက်နှုန်းနဲ့ ဆန်အရည်အသွေး ကျဆင်းနိုင်သလို တစ်နှစ်စာ စားနပ်ရိက္ခာ၊ ဝင်ငွေနဲ့ နောက်တစ်သီးစိုက်ပျိုးဖို့ စရိတ်တွေပါ ဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သိမ်းရမဲ့အချိန် မသိမ်းရရင် စပါးမရဘူး။ စပါးမကောင်းရင် ဆန်မတင်ဘူး။ ချောင်းပြင်မရင်းစပါးတွေက သိမ်းလို့ပြီးပြီ။ တောင့်တက်မရင်းစပါးတွေကတော့ မသိမ်းရသေးဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ယောဒေသခံတောင်သူအများစုဟာ စပါးအသစ်ကို သိုလှောင်ပြီး စပါးအဟောင်းကို ရောင်းချလေ့ရှိတာကြောင့် ရိတ်သိမ်းချိန်နောက်ကျပါက တစ်နှစ်စာစားနပ်ရိက္ခာ အခက်အခဲ၊ ဝင်ငွေဆုံးရှုံးမှုနဲ့ အကြွေးတင်မှုတွေ ကြုံလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ချင်းပြည်တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် မေလကစတင်ကာ ယောဒေသအတွင်း အင်အားတိုးချဲ့ပြီး လေကြောင်းပစ်ကူနဲ့ ဒရုန်းလက်နက်တွေ အသုံးပြုကာ ထိုးစစ်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာ မင်းအောင်လှိုင်ရဲ့ အရေးပေါ်အခြေအနေကြေညာချက်အရ ထီးလင်းနဲ့ ဆောမြို့နယ်တို့ကို အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ လက်ရှိမှာ ရွှေအောင်သာ၊ ကျင်ဒွေး၊ ကန်ပက်လက်နဲ့ မင်းတပ်စစ်မျက်နှာတွေမှာ စစ်ကော်မရှင်တပ်နဲ့ ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) အပါအဝင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
