မုန်တိုင်း “မူရားစု” ပိုမိုအားကောင်းလာပြီး မြန်မာ့ဒေသအချို့ မိုးရွာနိုင်


ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မူရားစု” (MURASU) ဟာ ပိုမိုအားကောင်းလာပြီး အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အဆင့်ကို ရောက်ရှိနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံဘက်ကို တိုက်ရိုက်ဝင်ရောက်မယ့် အန္တရာယ်မရှိဘဲ အဝါရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) က ထုတ်ပြန်ပါတယ်။

 

နိုဝင်ဘာ ၂ ရက် မနက် ၅ နာရီခွဲ တိုင်းထွာချက်အရ မုန်တိုင်းဟာ ကိုကိုးကျွန်းရဲ့ အနောက်ဘက် ရေမိုင် ၆၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ ဗဟိုပြုနေပြီး ဗဟိုလေဖိအား ၉၉၈ ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ခန့် ရှိနေပါတယ်။

 

မုန်တိုင်းဟာ အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး နိုဝင်ဘာ ၃ ရက်မှာ အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ် တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်မယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

 

CJ Platform ရဲ့ လေ့လာချက်အရ မုန်တိုင်းဟာ နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ အန်ဒရာပရာဒေ့ရှ်ပြည်နယ် တောင်ပိုင်းကမ်းခြေကို အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဆင့်နဲ့ ဖြတ်ကျော်ပြီးနောက် ကုန်းတွင်းပိုင်းမှာ အားလျော့ပျက်ပြယ်သွားနိုင်ပါတယ်။

 

မုန်တိုင်းနဲ့ မုတ်သုံလေအကြွင်းအကျန် တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကို စိုထိုင်းဆများတဲ့ လေစီးကြောင်းတွေ ဝင်ရောက်နိုင်တာကြောင့် တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းတို့မှာ နိုဝင်ဘာ ၂ ရက်ကနေ ၄ ရက်အတွင်း မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ်။

 

မိုးဇလရဲ့ ခန့်မှန်းချက်အရ နိုဝင်ဘာ ၃ ရက်အထိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ချင်းပြည်နဲ့ ရှမ်းပြည်မြောက်ပိုင်းတို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းတို့မှာတော့ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လေတိုက်နှုန်း တစ်နာရီ ၂၅ မိုင်ကနေ မိုင် ၃၀ အထိ ရှိနိုင်ပါတယ်။ ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၇ ပေကနေ ၉ ပေခန့်အထိ ရှိနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။

 

မိုးသည်းထန်စွာ ရွာသွန်းတာ၊ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်သူတွေ ကြိုတင်သတိပြုကြဖို့ မိုးဇလက အသိပေးထားပါတယ်။

 

ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းတွေ၊ ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေကိုလည်း ပင်လယ်ပြင်အန္တရာယ် သတိထားရှောင်ရှားကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

 

 

Related News

Depend on news