ချင်းမှာ မိုးအဆက်မပြတ်ရွာလို့ လမ်းတံတား ၁၀ နေရာထက်မနည်း ပျက်စီးပြီး ပြည်သူတွေ သွားလာရေးအခက်ကြုံ


ချင်းပြည်မှာ စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် လမ်းနဲ့တံတားတွေ ပျက်စီးပြီး ပြည်သူတွေရဲ့ သွားလာရေး ထိခိုက်နေတယ်လို့ ချင်းတော်လှန်ရေးအဖွဲ့တွေနဲ့ ချင်းပြည်အစိုးရအဖွဲ့က အသိပေးထားပါတယ်။

 

CDF ထန်တလန်ရဲ့ ထုတ်ပြန်ချက်အရ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထန်တလန်မြို့နယ်အတွင်း လမ်း ၇ နေရာနဲ့ တံတား ၁၀ စင်း ပျက်စီးခဲ့ပြီး ဒေသခံတွေ သွားလာရေးအခက်အခဲ ကြုံနေရပါတယ်။

 

လမ်းပန်းဆက်သွယ်ရေး ထိခိုက်လာတာကြောင့် ချင်းပြည်အတွင်း ကုန်ဈေးနှုန်းတွေဟာ ပုံမှန်ထက် ၃ ဆခန့်အထိ မြင့်တက်လာတယ် လို့လည်း သိရပါတယ်။

 

ချင်းပြည်အစိုးရအဖွဲ့ရဲ့ အသိပေးချက်အရ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်တစ်ဝန်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး ဆေးရုံ၊ ဆေးခန်း၊ လူနေအိမ်၊ စာသင်ဆောင်၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားပေးစနစ်တွေနဲ့ လမ်းတံတားတွေ ပျက်စီးမှုတွေ ရှိနေပါတယ်။

 

သဘာဝဘေးကြောင့် ထိခိုက်နေတဲ့ ပြည်သူတွေနဲ့ ဒေသတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နိုင်ငံတကာရောက် လူမှုအဖွဲ့အစည်းတွေနဲ့ ချင်းပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ ချင်းပြည်အစိုးရအဖွဲ့က တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် ပြည်သူတွေအနေနဲ့ မိမိတို့ဒေသအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုတွေကို သက်ဆိုင်ရာ ဒေသန္တရတာဝန်ရှိသူတွေထံ အချိန်မီ သတင်းပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အသိပေးထားပါတယ်။

 

အောက်တိုဘာ ပထမ ၁၀ ရက်အတွင်း ချင်းပြည်မှာ ၇ ရက်ကနေ ၉ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး မိုးအဆက်မပြတ်ရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တာကြောင့် ရေကြီးရေလျှံမှု၊ တောင်ပြိုမြေပြိုမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကို သတိပြုကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

 

ဓာတ်ပုံ- Ministry Of Social Development, Government Of Chinland