မြန်မာစစ်အုပ်စုအပေါ် အရေးယူမှုအသစ်တွေ ပြန်လည်ချမှတ်ရေး NUG ဝန်ကြီးတွေနဲ့ သြစတြေးလျ အထက်လွှတ်တော်အမတ် ဆွေးနွေး

Author CJ Platform
Categories
Published on Oct 02, 2026

မြန်မာစစ်အုပ်စုအပေါ် အရေးယူမှုတွေ ပြန်လည်ချမှတ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုစင်တာတွေက ဒေသတွင်းအကျင့်ပျက်ခြစားမှုအပေါ် သက်ရောက်မှုတွေကို အဓိကထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေနဲ့ သြစတြေးလျ အထက်လွှတ်တော်အမတ် Dean Smith တို့ ကန်ဘာရာမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ကုလသမဂ္ဂအစည်းအဝေး တက်ရောက်ပြီးနောက် ကန်ဘာရာမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာစစ်အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ ထပ်မံချမှတ်နိုင်ရေးနဲ့ အွန်လိုင်းကျားဖြန့်လိမ်လည်မှုလုပ်ငန်းတွေက ဒေသတွင်း အကျင့်ပျက်ခြစားမှုနဲ့ လုံခြုံရေးအပေါ် သက်ရောက်နေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ Dean Smith က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

 

ဒါ့အပြင် အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်ဆောင်လာတဲ့ ခြေလှမ်းတွေနဲ့ မြန်မာ့အရေးမှာ နိုင်ငံတကာက ဘယ်လိုဆက်လက်ပါဝင်နိုင်မလဲဆိုတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်တို့အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

သြစတြေးလျအစိုးရဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ အရေးယူမှုတွေကို ပုံမှန်ပြန်လည်သုံးသပ်နေတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန (DFAT) က ၂၀၂၆ ခုနှစ်အတွင်း လွှတ်တော်မေးမြန်းမှုတွေမှာ ဖြေကြားထားပါတယ်။ သြစတြေးလျက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်တဲ့ ဘဏ် ၂ ခုနဲ့ လေယာဉ်ဆီထောက်ပံ့ရေးလုပ်ငန်း ၃ ခုအပါအဝင် အဖွဲ့အစည်း ၅ ခုကို ပစ်မှတ်ထားအရေးယူခဲ့ပါတယ်။

 

လက်ရှိမှာ သြစတြေးလျလွှတ်တော်ရဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကော်မတီကလည်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေအနေကို စုံစမ်းသုံးသပ်ထားပြီး ၂၀၂၆ ခုနှစ် မတ်လမှာ အစီရင်ခံစာ တင်သွင်းထားပါတယ်။