PRF ထောက်ပံ့သူများကို ဖမ်းဆီးရမိဟု စစ်အုပ်စု ထုတ်ပြန်ချက် သတင်းမှားဖြစ်

Author CJ Platform
Categories
Published on Sep 30, 2026

ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ် (PRF) ကို ငွေကြေးထောက်ပံ့နေသူ ၂,၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိထားပြီး အဖွဲ့ဝင် ၂၁ ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ စစ်အုပ်စုက ထုတ်ပြန်ထားပေမယ့် အဆိုပါထုတ်ပြန်ချက်ဟာ အမှန်တရားနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ လိမ်လည်စွပ်စွဲချက်သာ ဖြစ်တယ်လို့ PRF က စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပယ်ချလိုက်ပါတယ်။

 

ဒါ့အပြင် အခြားနည်းလမ်းတွေနဲ့ ဖမ်းဆီးခံထားရသူတွေကို PRF နဲ့ ဆက်စပ်ပြီး သတင်းမှားဖြန့်ဝေနေတာဖြစ်တယ်လို့လည်း PRF က ဆိုပါတယ်။

 

စစ်အုပ်စုဟာ စက်တင်ဘာ ၂၈ ရက်မှာ PRF ဝက်ဘ်ဆိုက်ကနေ WavePay၊ NUG Pay နဲ့ SDB Bank စတဲ့ ငွေပေးချေမှုစနစ်တွေကတစ်ဆင့် ငွေကြေးထောက်ပံ့သူ ၂,၇၀၀ ကျော်ရဲ့ အချက်အလက်တွေကို ဖော်ထုတ်ရရှိခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ရှမ်းနဲ့ ကချင်အပါအဝင် တိုင်းနဲ့ ပြည်အသီးသီးက ပြည်သူ ၂၁ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါစွပ်စွဲချက်နဲ့ ပတ်သက်ပြီး PRF က စိစစ်ပြီးနောက် ပြတ်သားစွာ ပယ်ချခဲ့ပြီး PRF စတင်တည်ထောင်ချိန်ကတည်းက ထောက်ပံ့သူတွေရဲ့ အမည်၊ နေရပ်လိပ်စာနဲ့ ဓာတ်ပုံ စတဲ့ ကိုယ်ရေးအချက်အလက်တွေကို ကောက်ခံခြင်းနဲ့ သိမ်းဆည်းခြင်းမရှိတဲ့ မူဝါဒကို တင်းကျပ်စွာ ကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။

 

PRF မှာ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ဖို့ အမည်လွှဲတစ်ခုနဲ့ အီးမေးလ်လိပ်စာတစ်ခုသာ လိုအပ်တာကြောင့် အဆိုပါစနစ်ကနေတစ်ဆင့် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်မှာ မဟုတ်ဘဲ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ဟာ အခြေအမြစ်မရှိကြောင်း PRF က ထောက်ပြထားပါတယ်။

 

NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း စစ်အုပ်စုလက်အောက်ခံ မီဒီယာတွေမှာ ဖော်ပြထားတဲ့ Form လင့်ခ်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်ဒိုမိန်းနဲ့ PRF ရဲ့ တရားဝင်ဝက်ဘ်ဆိုက်တို့နဲ့ မတူဘူးလို့ ပြောပါတယ်။

 

အဲဒီ Form လင့်ခ်ဟာ စစ်အုပ်စုက ပုံမှားရိုက်ကာ အချက်အလက်ရယူဖို့ ဖန်တီးထားတဲ့ Phishing Website ဖြစ်နိုင်သလို အခြားအကြောင်းပြချက်တွေနဲ့ ဖမ်းဆီးထားသူတွေကို PRF နဲ့ တွဲဖက်ပြီး PRF ဝက်ဘ်ဆိုက်က အချက်အလက်ပေါက်ကြားသလို ရည်ရွယ်ချက်ရှိရှိ သတင်းမှားထုတ်လွှင့်တာလည်း ဖြစ်နိုင်တယ်လို့ ဦးနေဘုန်းလတ်က သုံးသပ်ထားပါတယ်။

 

လက်တွေ့မှာလည်း စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ပါ ဖမ်းဆီးခံရသူ ၂၁ ဦးထဲက ရှမ်းပြည်နယ်၊ ရွှေညောင်မြို့က မမျိုးမျိုး (ခ) မျိုးမြမြတ်ထွန်းကြည်ဟာ စက်တင်ဘာ ၈ ရက်ကတည်းက စစ်ဆေးရေးဂိတ်တစ်ခုမှာ Clean Yangon အဖွဲ့ကတစ်ဆင့် စစ်ဘေးရှောင်တွေအတွက် KPay နဲ့ လှူဒါန်းခဲ့မှုကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ဖမ်းဆီးခံထားရသူ ဖြစ်တယ်လို့ PRF က ဆိုပါတယ်။

 

အလားတူ လားရှိုးမြို့က ဆန်ဆိုင်ပိုင်ရှင် မမေရီဆန်စင်ဟာလည်း စက်တင်ဘာ ၁၄ ရက်က Facebook ပို့စ်တစ်ခုအောက်မှာ မှတ်ချက်ရေးသားမှုကြောင့် ငွေညှစ်ရန် နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခံထားရသူဖြစ်ပြီး အဲဒီ ၂ ဦးလုံးဟာ ယခင်ကတည်းက ဖမ်းဆီးခံထားရသူတွေဖြစ်ပေမယ့် အခုအခါမှာ စစ်အုပ်စုက PRF ထောက်ပံ့သူတွေအဖြစ် အမှုဆင်ကာ ပြန်လည်ထုတ်ပြန်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်အုပ်စုဟာ ယခင်လတွေအတွင်းကလည်း Wave Money Agent တစ်ဦးရဲ့ စာရင်းတွေနဲ့ အခြားကိစ္စတွေကနေ ဖမ်းဆီးခံရသူတွေရဲ့ ဖုန်းတွေက ရရှိထားတဲ့ အချက်အလက်တွေကို စုစည်းကာ PRF နဲ့ ဆက်စပ်ပြီး ချဲ့ကားထုတ်ပြန်နေတာဖြစ်တယ်လို့ PRF က ဆိုပါတယ်။

 

အဲဒီလို ထုတ်ပြန်မှုတွေဟာ ပြည်သူတွေကို ခြိမ်းခြောက်ကာ PRF အပေါ် ယုံကြည်မှုပျက်ပြားစေရန်အပြင် တော်လှန်ရေးရဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ဖြတ်တောက်ရန် အဓိကရည်ရွယ်တာဖြစ်တယ်လို့ PRF က ပြောပါတယ်။

 

ဒါ့အပြင် ပြည်သူတွေရဲ့ ငွေကြေးအချက်အလက်တွေကို စစ်အုပ်စုဆီ ပေးအပ်ပြီး ပူးပေါင်းနေတဲ့ Wave Money နဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ရိုးမဘဏ်တို့ကိုလည်း အကြမ်းဖက်မှုကို အားပေးကူညီတဲ့ အဖွဲ့အစည်းတွေအဖြစ် PRF က ပြင်းထန်စွာ ရှုတ်ချထားပါတယ်။

 

PRF အနေနဲ့လည်း လုံခြုံရေးအစီအမံတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက်နေပြီး ပြည်တွင်းရှိ တော်လှန်ပြည်သူတွေအနေနဲ့ ဖုန်းနဲ့ ငွေလွှဲမှတ်တမ်းဆိုင်ရာ လုံခြုံရေးကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

 

ပြည်ပရောက် ပြည်သူတွေအနေနဲ့လည်း ပြည်တွင်းရှိ ပြည်သူတွေရဲ့ နေရာမှာ ဖြည့်ဆည်းကာ ပိုမိုပါဝင်ပံ့ပိုးကြဖို့ PRF က တိုက်တွန်းထားပါတယ်။