အဓမ္မစစ်သားစုဆောင်းမှုကို နည်းလမ်းစုံနဲ့ ဆန့်ကျင်ပြီး ပူးပေါင်းလာသူတွေကို ကူညီမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

Author CJ Platform
Categories
Published on Sep 18, 2026

စစ်အုပ်စုရဲ့ အဓမ္မစစ်သားစုဆောင်းမှုဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အဓိကအင်အားဖြည့်တင်းရာ ဖြစ်နေတဲ့အတွက် လူငယ်တွေအနေနဲ့ နည်းလမ်းစုံအသုံးပြုပြီး ရှောင်ရှားကြဖို့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

 

စစ်အုပ်စုဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လကနေ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၇ ခုအထိ ဖွင့်လှစ်ပြီး အရပ်သား ၁၃၅,၀၈၀ ခန့်ကို အဓမ္မစုဆောင်းခဲ့တယ်လို့ NUG က ဖော်ပြထားပါတယ်။ လက်ရှိ စစ်အုပ်စုရဲ့ ထိုးစစ်စစ်ကြောင်းတွေမှာလည်း ပြည်သူ့စစ်မှုထမ်းတွေ ၈၀ ရာခိုင်နှုန်းခန့် ပါဝင်နေတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အဓမ္မစစ်သားစုဆောင်းခံရသူတွေအပါအဝင် စစ်အုပ်စုဘက်က သေဆုံးသူ ၂၀,၃၈၃ ဦး၊ ဒဏ်ရာရသူ ၉,၇၉၂ ဦး၊ ပြည်သူ့ရင်ခွင် ခိုလှုံလာသူ ၃,၈၇၄ ဦးနဲ့ စစ်အုပ်စုကို စွန့်ခွာထွက်ပြေးသူ ၂၀,၀၀၀ ခန့်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်း ၅၃၆ ဦးကို NUG က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

မြို့ပြတွေမှာလည်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ ပျူစောထီးတွေနဲ့ လူဆိုးလူမိုက်တွေ ပူးပေါင်းပြီး လူပြန်ပေးဆွဲတာ၊ လူမှောင်ခိုရောင်းဝယ်တာနဲ့ ငွေညှစ်တာတွေကို ရာဇဝတ်ဂိုဏ်းတွေပုံစံနဲ့ လုပ်ဆောင်နေကြပြီး အခုအခါ အမျိုးသမီးတွေကိုပါ ပစ်မှတ်ထားလာတယ်လို့ NUG က ဆိုပါတယ်။

 

ဒါကြောင့် စစ်မှုထမ်းဖို့ စုဆောင်းခံရနိုင်တဲ့ အခြေအနေရှိတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေနဲ့ နိုင်ငံရပ်ခြားကို အမြန်ဆုံး ထွက်ခွာကြဖို့၊ ပေါ်တာဆွဲခံရမှုကနေ ရှောင်ရှားနိုင်ဖို့ ညဘက် တစ်ဦးတည်းသွားလာတာ မပြုလုပ်ကြဖို့ NUG က တိုက်တွန်းထားပါတယ်။

 

မလွှဲမရှောင်သာ စစ်သားစုဆောင်းခံရပါက အခွင့်အရေးရတဲ့အချိန်မှာ လက်နက်ယူပြီး ထွက်ပြေးကာ တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကြဖို့လည်း NUG က တိုက်တွန်းထားပါတယ်။

 

တော်လှန်ရေးနယ်မြေတွေကို ရောက်ရှိလာတဲ့ လူငယ်တွေအနေနဲ့ ကျွမ်းကျင်မှုအလိုက် ပညာရေး၊ ကျန်းမာရေး၊ စစ်ဘေးရှောင်ကူညီရေးနဲ့ လူထုဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်နိုင်မှာဖြစ်ပြီး တိုက်ခိုက်ရေးတာဝန်ယူလိုသူတွေအနေနဲ့ PDF နဲ့ ပကဖအဖွဲ့တွေမှာ ဝင်ရောက်နိုင်မယ်လို့ NUG က ပြောပါတယ်။

 

လက်နက်နဲ့အတူ လာရောက်ပူးပေါင်းသူတွေကို ထိုက်တန်တဲ့ ဆုကြေးငွေပေးအပ်မယ်လို့လည်းကောင်း၊ နိုင်ငံရပ်ခြားကို ထွက်ခွာလိုသူတွေကို ကူညီဆောင်ရွက်ပေးမယ်လို့လည်းကောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC