တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို နိုဝင်ဘာ ၁၈ ရက်မှာ စတင်ကျင်းပမယ်
ရှမ်းပြည်၊ တောင်ကြီးမြို့မှာ နှစ်စဉ်ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းမှာ နိုဝင်ဘာ ၁၈ ရက်ကနေ ၂၄ ရက်အထိ ၇ ရက်ကြာ ကျင်းပသွားမယ်လို့ ရှမ်းပြည်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းက အသိပေးထားပါတယ်။
တန်ဆောင်တိုင်ပွဲမှာ ယခင်နှစ်တွေက ကျင်းပခဲ့တဲ့အတိုင်း ညလွှတ်မီးပုံးပျံအမျိုးအစားဖြစ်တဲ့ ညမီးကြီး၊ စိန်နားပန်နဲ့ နေ့လွှတ်အမျိုးအစားဖြစ်တဲ့ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်းနဲ့ အရုပ်အုပ်စုတွေကို ပြုလုပ်ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။
မီးပုံးပျံပြိုင်ပွဲဝင်မယ့် အဖွဲ့တွေအနေနဲ့ စက်တင်ဘာ ၁၇ ရက်ကနေ ၂၇ ရက်အထိ စာရင်းလာရောက်ပေးသွင်းနိုင်တယ်လို့လည်း သိရပါတယ်။
အခုနှစ် တန်ဆောင်တိုင်ပွဲအတွင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် မီးပုံးပျံပြိုင်ပွဲအတွက် ကုန်ကျစရိတ်တွေ မြင့်တက်လာနိုင်တဲ့အပြင် လာရောက်လည်ပတ်သူတွေအနေနဲ့လည်း တည်းခိုခန်းခ၊ ကားနဲ့ ဆိုင်ကယ်အပ်နှံခတွေ အဆမတန်မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပခဲ့တဲ့ တန်ဆောင်တိုင်ပွဲမှာလည်း လာရောက်လည်ပတ်သူတွေအနေနဲ့ ကားအပ်ခ ၃ သောင်းကနေ ၅ သောင်းကျပ်အထိ၊ ဆိုင်ကယ်အပ်ခ ၈ ထောင်ကနေ ၂ သောင်းကျပ်အထိ ပေးခဲ့ရပြီး ဈေးနှုန်းမြင့်မားတာနဲ့ပတ်သက်ပြီး ပွဲစီစဉ်သူတွေကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ ရှမ်းပြည်၊ တောင်ကြီးမြို့မှာ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နေ့အနီး ကျင်းပလေ့ရှိတဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်ကစပြီး မီးပုံးပျံပြိုင်ပွဲအဖြစ် ကျင်းပလာခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ- ရှမ်းပြည်နယ် တောင်ပိုင်း ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်း
