စစ်ကိုင်းမှာ ရေပြန်ကျပေမဲ့ လမ်းတံတားတွေ ပျက်စီးလို့ သွားလာရေး အခက်တွေ့နေပြီး စိုက်သီးနှံတွေ ပျက်စီးလို့ ပြန်လည်ထူထောင်ရေး ခက်ခဲနေ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အတွင်းက ရေဘေးသင့် ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ပြန်လည် လျော့ကျသွားပေမဲ့ လမ်းတံတားတွေ ပျက်စီးသွားတာကြောင့် ကား၊ ဆိုင်ကယ်တွေနဲ့ နွားလှည်းတွေပါ သွားလာလို့ပင် မရတော့ဘဲ ဖြစ်နေပြီး ပြုပြင်ရေးနဲ့ ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက် မနက်ပိုင်းက စတင်ပြီး သဖန်းဆိပ်ဆည်ရေ လွှတ်ချလို့ ရုတ်တရက် မူးမြစ်ရေ ကြီးကာ မြစ်ရိုးတစ်လျှောက် ရွာတွေ ရေဘေးကြုံခဲ့ရတာ ဖြစ်ပါတယ်။ စစ်ကိုင်းမြို့နယ်အတွင်းမှာ ဩဂုတ် ၈ ရက်နေ့ကစလို့ ရေကြီးဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မြို့နယ်အတွင်း ကျေးရွာပေါင်း ၃၇ ရွာထက်မနည်းမှာ ရေဝင်ရောက်မှုတွေ ရှိခဲ့တာပါ။
“အခုကတော့ ချောင်းတွေထဲပဲ ရေကျန်တော့တာ၊ ရွာတွေ ပေါ်ပါပြီ။ လမ်းတွေက ကား၊ ဆိုင်ကယ်၊ လှည်း၊ စက်ဘီး ဘာမှကို ဖြတ်လို့မရနိုင်တော့တဲ့ အခြေအနေ ဖြစ်သွားတာပဲ။ ခုက ခြေလျင်ပဲ သွားလာနေရတယ်။ ပြုပြင်ဖို့အတွက် အကူအညီတွေ လိုအပ်နေပါတယ်” လို့ စစ်ကိုင်းမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
လက်ရှိ ရေဘေးသင့် ဒေသတွေမှာ ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးသီးနှံတွေ ဆုံးရှုံးမှုတွေ ရှိခဲ့တာအပြင် အခုလို လမ်းပန်း ဆက်သွယ်ရေးအတွက်ပါ အခက်အခဲတွေကြောင့် အကူအညီတွေ ဆက်လက် လိုအပ်နေဆဲ ဖြစ်တာပါ။
ဒါ့ပြင် ရေဘေးသင့် ဒေသခံတွေဟာ သဘာဝ ဘေးအန္တရာယ်အပြင် စစ်အုပ်စုရဲ့ လေကြောင်း အန္တရာယ်ကိုပါ စိုးရိမ်နေကြရကြောင်း သိရပါတယ်။
“အစ်မတို့ဘက် ရေတော့ ခုမှ လျော့သွားတာ။ အလှူရှင်တွေက လမ်းဘေးတွေပဲ လာကြတာ၊ အစ်မတို့ဘက် သိပ်မလာကြပါဘူး။ စက်လှေနဲ့ လူတွေပဲ လွတ်အောင် ကူးခဲ့ရတာဆိုတော့ ပစ္စည်းတွေလည်း သိပ်မကျန်တော့ပါဘူး။ အိမ်ထဲ ရွှံ့ဗွက်တွေပဲ ကျန်ခဲ့တာ။ အပေါ်က လေယာဉ်ကလည်း ခဏခဏ ဝဲနေတော့ အပေါ်ရော အောက်ရော ကြောက်နေရတယ်” လို့ အခြား ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့် ပြည်သူ ၂ သိန်းကျော်အတွက် အကူအညီတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေ ဖြည့်ဆည်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်း စာနာထောက်ထားရေး ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက ဩဂုတ် ၁၇ ရက်နေ့က ကျင်းပတဲ့ NUG ဘေးအန္တရာယ် တုံ့ပြန်ရေး ကော်မရှင် အစည်းအဝေးမှာ တောင်းဆိုထားတာပါ။
မြန်မာနိုင်ငံ အထက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ဆည်တမံတွေက ရေလွှတ်တာတွေကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ် ၂၃ မြို့နယ်က ပြည်သူ ၄၇၀,၀၀၀ ကျော် ရေဘေးသင့်နေပြီး ရေဘေးသင့် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်မှာ စစ်ကိုင်းတိုင်း အတွင်းက ဖြစ်ကြောင်း NUG ရဲ့ ဩဂုတ် ၁၉ ရက်နေ့ အစီရင်ခံစာအရ သိရပါတယ်။
NUG အနေနဲ့ အရေးပေါ် ထောက်ပံ့ရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို စီစဉ် ဆောင်ရွက်နေပေမဲ့ လမ်းတံတား ပျက်စီးမှုတွေ၊ ဆက်သွယ်ရေး ပြတ်တောက်မှုတွေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းရန် အပါအဝင် လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကြောင့် ရေဘေးသင့် ဒေသတွေဆီ ကူညီထောက်ပံ့မှုတွေ သွားရောက်ဖို့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရကြောင်း သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
