စစ်မီးကြားက အရှိုချင်း မြေပြန့်ရောက် တိုင်းရင်းသားတို့၏ ရုန်းကန်ရမှုနဲ့ စိန်ခေါ်ချက်များ
မြန်မာနိုင်ငံရဲ့ ပဋိပက္ခ မီးတောက်တွေဟာ ချင်းတောင်တန်းတွေပေါ်မှာတင် မကဘဲ ချင်းတောင်ခြေ မြေပြန့်ဒေသတွေနဲ့ ပဲခူးရိုးမ တစ်လျှောက်အထိ အရှိန်အဟုန်ကောင်းစွာ ကူးစက်ပြန့်နှံ့နေတာ ဖြစ်ပါတယ်။
စစ်မီးရဲ့ ရိုက်ခတ်မှုကြားမှာ သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှု ကင်းဝေးစွာနဲ့ ဒုက္ခကျပ်တည်းပေါင်းစုံကို ငြိမ်သက်စွာ ရင်ဆိုင်နေရသူတွေထဲမှာ ငဖဲ၊ စေတုတ္တရာ၊ မကွေး၊ မင်းတုန်းနဲ့ ပဲခူးရိုးမ ဒေသတွေမှာ မှီတင်းနေထိုင်ကြတဲ့ ‘အရှိုချင်း’ (Asho Chin) တိုင်းရင်းသားတွေလည်း အပါအဝင် ဖြစ်ပါတယ်။
စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် အိမ်ခြေရာမဲ့ ထွက်ပြေးနေရပြီး စားဝတ်နေရေးနဲ့ ဘဝရပ်တည်နိုင်ရေးအတွက် ပြင်းထန်စွာ ရုန်းကန်နေရတဲ့အပြင် ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ မိခင်ဘာသာစကား၊ စာပေနဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်ကလည်း ကြီးမားစွာ ခြိမ်းခြောက်နေတာပါ။
ဘီစီ ၂၅ ကစခဲ့တဲ့ သမိုင်းနဲ့ အရှိုချင်းတို့၏ ယုံကြည်မှု
သမိုင်းပညာရှင်တွေနဲ့ စာအုပ်စာစောင် သုတေသန မှတ်တမ်းတွေအရ အရှိုချင်းလူမျိုးတွေဟာ ခရစ်တော် မပေါ်မီ ဘီစီ (၂၅) ဝန်းကျင်ခန့်က တရုတ်ပြည် မြောက်ပိုင်း၊ ဟန်ဘုရင် တက်လာချိန် လူမျိုးစုငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေကြောင့် တရုတ်ပြည်၊ ယူနန်ဒေသကနေတစ်ဆင့် နယ်မြေသစ် ရှာဖွေရင်း မြန်မာနိုင်ငံအတွင်းဆီ စတင် ဝင်ရောက်လာခဲ့ကြတဲ့ ရှေးဦး တိဘက်-မြန်မာ အနွယ်ဝင် တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။ အရှိုပဋ္ဌာန်း ဆရာကြီးတွေရဲ့ အဆိုအရ ဖခင်ကြီး ဘိုးဆလိုင်းထွန်းဆူရဲ့ သားနှစ်ဦးအနက် အစ်ကိုဖြစ်သူ လှုဆွန်ကနေ အရှိုချင်းတွေ ဆင်းသက်လာခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ ဟူးကောင်းချိုင့်ဝှမ်း၊ တနိုင်းဒေသနဲ့ ချင်းတွင်းမြစ်ဝှမ်းတို့မှာ စတင်နေထိုင်ခဲ့ကြပြီး အေဒီ (၁) ရာစုကနေ (၄) ရာစုအတွင်း ကလေးကဘော် ချိုင့်ဝှမ်းမှာ ရွာတွေ တည်ထောင်ခဲ့ကြပါတယ်။ ထို့နောက် ရေလွှမ်းမိုးမှုတွေကြောင့် ဧရာဝတီမြစ်ဘက်ဆီ ကူးပြောင်းကာ ရွာတွေ တည်ထောင်ခဲ့ရာကနေ နောင်မှာ ‘တကောင်းမြို့’ ဖြစ်လာခဲ့တယ်လို့ သမိုင်းသုတေသီတွေက ယူဆကြတာပါ။ အဲဒီကနေတစ်ဆင့် အိမ်နီးချင်း လူမျိုးစုတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ရေကြည်ရာ မြက်နုရာ ထပ်မံ ရွှေ့ပြောင်းရင်း ပုဂံနဲ့ ပုပ္ပါးဒေသတွေမှာ ဆက်လက် အခြေချခဲ့ကြပါတယ်။
ပုဂံခေတ် စုက္ကတေးမင်းကြီး လက်ထက်မှာ ပုဂံဒေသ မိုးအကြီးအကျယ် ခေါင်းချိန်က အရှိုချင်းတို့ရဲ့ နတ်ကို ပူဇော်ရာကနေ မိုးရွာသွန်းခဲ့တာကြောင့် ဘုရင်ကိုယ်တော်တိုင် “မိုးကောင်းနတ်ပွဲ” ဟု အမည်ပေးပြီး ရိုးရာပူဇော်ပသပွဲကို ပြန်လည် ကျင်းပခွင့် ရရှိခဲ့တဲ့ သမိုင်းကြောင်းလည်း ရှိခဲ့ပါတယ်။ ပုဂံခေတ် မတိုင်မီကတည်းက သရေခေတ္တရာနဲ့ တောင်စဉ်ခုနှစ်ခရိုင် (မင်းဘူး၊ သရက်၊ ငဖဲ၊ မင်းတုန်း၊ စေတုတ္တရာ၊ ဧရာဝတီ) ဒေသတွေအထိ မြေပြန့်ဒေသ အနှံ့အပြားမှာ အဓိက အခြေချ မှီတင်းနေထိုင်ခဲ့ကြပြီး ၁၉ ရာစုအထိ မြန်မာပြည်အနှံ့ဆီ ပြန့်နှံ့သွားခဲ့ကြတာပါ။
အရှိုချင်းလူမျိုးတွေဟာ အရာရာကို ဖန်ဆင်းရှင်ဖြစ်တဲ့ “အောက်အူသယောင်” တစ်ဆူတည်းကိုသာ ဖန်ဆင်းရှင်အဖြစ် သက်ဝင်ယုံကြည်ကြပါတယ်။ ထို့ပြင် လူတစ်ယောက်ရဲ့ ဘဝမှာ မွေးဖွားရင် ကင်ပွန်းတပ်ပွဲ၊ မင်္ဂလာဆောင်ပွဲ၊ အသုဘပွဲနဲ့ သေဆုံးပြီးနောက် ဝိညာဉ် ငရဲမရောက်ဘဲ လမ်းမှန်ရောက်စေဖို့ ပဆန်းရာတွေရဲ့ နည်းလမ်းအတိုင်း ပြုလုပ်ပေးတဲ့ “အရိုးတိုင်ထူပွဲ” စတဲ့ မလုပ်မဖြစ် ပြုလုပ်ရတဲ့ ရိုးရာယဇ်ပူဇော်ပသမှု အလေ့အထတွေနဲ့ ကိုယ်ပိုင် ဘာသာစကား၊ စာပေနဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ခေတ်အဆက်ဆက် ခိုင်မာစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြတဲ့ ရှေးဟောင်း တိုင်းရင်းသား လူမျိုးစုတစ်စု ဖြစ်ပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြေပြင်မှ ကြောက်ရွံ့မှုများ
အရှိုချင်းတွေဟာ ဝဥ စိုက်ပျိုးတာ၊ ကော်ဖီခြံနဲ့ တောင်ယာလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ကြပါတယ်။ ရှေးအစဉ်အဆက် ကောင်းမွန်စွာ ဖြတ်သန်းခဲ့ကြသော်လည်း လက်ရှိကာလမှာ စစ်ဘေးကြောင့် စိုက်ပျိုးချိန် တောင်ယာသွားရာမှာ စစ်ကြောင်း၊ နင်းမိုင်းနဲ့ လက်နက်ကြီး စတဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေရတာပါ။
ဒေသခံတစ်ဦးက “တောင်ယာ သွားရတာကို ကြောက်နေရတယ်။ ဘယ်အချိန် မိုင်းနင်းမိမလဲ၊ ဘယ်အချိန် လက်နက်ကြီး ထိမှာလဲ။ အရင်လို စိုက်ချလက်ချ သွားလို့မရတော့ဘူး၊ ဘယ်အချိန် သေမလဲ စောင့်နေရသလို ဖြစ်နေတယ်” လို့ ပြောပြပါတယ်။
ထိုသို့ တောင်ယာ စိုက်ပျိုးချိန်မှာ စစ်ကြောင်းလာရင် ရှောင်တိမ်းရတာတွေ၊ ဒုက္ခတွေ မခံနိုင်လို့ တောင်ယာတွေ မလုပ်တော့တာတွေ၊ ပိုက်ဆံရှိသူတွေက ခြံတွေကို ထားခဲ့ပြီး မြို့ဆီ ပြောင်းသွားတာတွေ ရှိလာပါတယ်။ ဒီလိုမျိုးတွေ များလာတော့ ဒေသမှာရှိတဲ့ အခြေခံလူတန်းစားတွေမှာ အလုပ်အကိုင် ရှားပါးမှုတွေ ရှိလာတာပါ။
ဒေသခံ လူငယ်တစ်ဦးက “ကိုယ့်ဒေသမှာ အလုပ်အကိုင်က ရှားလာတော့ နိုင်ငံခြားထွက်ဖို့လည်း အိမ်က မတတ်နိုင်၊ မြို့တက်ဖို့ကျတော့လည်း စစ်မှုထမ်း ကြောက်ရနဲ့ လူငယ်တွေအနေနဲ့ ဘာလုပ်ရမှန်းကို မသိဘူး။ ကိုယ့်အိမ်မှာ နေတာတောင် သေမှာ ကြောက်နေရတယ်။ ဘယ်အချိန် လေယာဉ်လာချမလဲ” လို့ ပြောပြပါတယ်။
ဒေသမှာ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ပြည်သူလူထုကို အဓိက ထိခိုက်နေတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်တွေနဲ့ ဘာသာရေးကျောင်းတွေကို များစွာ ထိခိုက်နေတာပါ။ တချို့ရက်တွေမှာ ဗုံးခိုကျင်းထဲကတောင် မထွက်ရဘဲ အထဲမှာပဲ အိပ်ရတဲ့ ရက်တွေလည်း များနေတယ်လို့ သိရပါတယ်။ ဒီလို ဖြစ်နေတာတွေဟာ ဒေသခံတွေရဲ့ စီးပွားရေးကို အဓိက ထိခိုက်နေပြီး စစ်ကြောင်းထိုးတာကြောင့် ကျေးရွာတွေ မီးရှို့ခံရမှုတွေကြောင့် စားနပ်ရိက္ခာ ဖူလုံမှုအတွက်လည်း စိုးရိမ်နေရတာပါ။
ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်ဈေးနှုန်း ဝန်ထုတ်ဝန်ပိုး
ပညာရေးပိုင်းမှာလည်း ကျေးရွာအများစုမှာ မူလတန်းပညာရေးသာရှိပြီး မူလွန်နဲ့ အထက်တန်းပညာရေးကို တချို့ကျေးရွာတွေမှာ သွားရောက် သင်ယူရပါတယ်။ သင်ကြားရေးမှာလည်း ကိုယ်ထူကိုယ်ထ ကျောင်းတွေသာ ဖြစ်တာကြောင့် သင်ကြားရေး ပစ္စည်းတွေနဲ့ ဆရာ/မ အင်အားအတွက် များစွာ အခက်အခဲ ကြုံတွေ့နေရတာပါ။ တချို့ ကျောင်းသားတွေဟာ အွန်လိုင်းကျောင်းတွေမှာ တက်ရောက်ကြသော်လည်း လက်တွေ့မှာ Starlink အင်တာနက် ပြဿနာတွေကြောင့် များစွာ စိုးရိမ်မှု မြင့်တက်နေပါတယ်။ ပွင့်လင်းရာသီ တစ်ခုမှာသာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ပညာရေးဘက်မှာလည်း များစွာ ခက်ခဲမှုကို ရင်ဆိုင်နေရတာပါ။
ဒီအခြေအနေကို ဒေသခံ ဆရာမတစ်ဦးက “ကိုယ်ထူကိုယ်ထ ကျောင်းဖြစ်လို့ နေရာ၊ ကျောင်းသုံးပစ္စည်းနဲ့ လစာကအစ အကန့်အသတ်နဲ့ပဲ ဖြစ်နေတယ်။ စစ်အုပ်စုရဲ့ လေကြောင်းကိုလည်း ကြောက်ရသေးတယ်” လို့ ပြောပြပါတယ်။
လမ်းပန်းဆက်သွယ်ရေးမှာ ပွင့်လင်းရာသီ တစ်ခုသာ ကောင်းမွန်တာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆိုင်ကယ်ကိုသာ အသုံးပြုကြတာပါ။ ကုန်ဈေးနှုန်းမှာ မြေပြန့်ဒေသထက် ထက်ဝက်ခန့် ဈေးမြင့်မားပြီး တချို့ ပစ္စည်းတွေ ပြတ်တောက်သည်အထိ ရှိနေပါတယ်။ ကုန်သွယ်ရေး လမ်းကြောင်းမှာ စစ်ရေး တင်းကြပ်မှုတွေကြောင့် လမ်းပိတ်တာ၊ ရာသီဥတုကြောင့် လမ်းတွေ သွားလာလို့မရတာတွေ ရှိနေတာပါ။ ကျန်းမာရေးအတွက် သွားလာဖို့အရေးမှာလည်း လွန်စွာ ခက်ခဲပါတယ်။ လမ်းကြောင်းမှာ စစ်ဆေးရေးဂိတ် များစွာကြောင့် အချိန် ကြန့်ကြာမှုတွေလည်း များစွာ ရှိနေတာပါ။
ဒေသ အခြေအနေအရ စိုက်ပျိုးထွက်ကုန်တွေကို ရောင်းချဖို့ မြေပြန့်ဒေသတွေဆီ ကြိုတင် ပို့ဆောင်လေ့ရှိပါတယ်။ ဘာသာရေးနဲ့ ယဉ်ကျေးမှု ပတ်သက်တဲ့ ပွဲတွေကိုလည်း အရင်လို မလုပ်ရတော့ဘဲ စစ်အုပ်စု လေကြောင်းကို ဂရုစိုက်နေရတာပါ။ ထို့ကြောင့် လူငယ်လူရွယ်တွေ ရိုးရာနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ မသိမှာကိုလည်း စိုးရိမ်နေကြရပါတယ်။
သတင်းမီဒီယာများ၏ အာရုံစိုက်မှု ဝေးကွာခြင်းနှင့် ယဉ်ကျေးမှု ပျောက်ကွယ်မည့် အန္တရာယ်
ရာစုနှစ်ပေါင်းများစွာ သမိုင်းအစဉ်အလာ ခိုင်မာခဲ့သော်လည်း ယနေ့ကာလမှာ ချင်းတောင်တန်း ပင်မစစ်ရေး ပြင်ပရှိ မကွေးတိုင်းအောက်ပိုင်း ငဖဲ၊ စေတုတ္တရာ၊ မင်းတုန်း၊ မကွေးနဲ့ ပဲခူးရိုးမ တစ်လျှောက် အေးချမ်းစွာ စိုက်ပျိုးရေး လုပ်ကိုင်ရင်း မှီတင်းနေထိုင်ခဲ့ကြတဲ့ အရှိုချင်း ပြည်သူတွေဟာ လက်ရှိ စစ်ရေး အကျပ်အတည်းတွေကြောင့် ဘဝတွေကို စွန့်လွှတ်ကာ စစ်ဘေးရှောင်တွေ ဖြစ်လာခဲ့ရပါတယ်။ အိမ်ခြေရာမဲ့ တောတောင်တွေအတွင်းဆီ ထွက်ပြေး တိမ်းရှောင်နေကြရတာကြောင့် အဓိက စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး အလုပ်အကိုင် အခွင့်အလမ်း ပျောက်ဆုံးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့ခြင်းတို့ကြောင့် နေ့စဉ် ဘဝရပ်တည်နိုင်ရေးအတွက် ပြင်းထန်စွာ ရုန်းကန်နေကြရတာပါ။
ဒါ့အပြင် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အစီရင်ခံစာတွေမှာ စစ်ဘေးဒဏ် သက်ရောက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မှတ်တမ်းတင်ထားသော်လည်း မြေပြင်မှာ အင်တာနက်လိုင်းတွေ ပိတ်ဆို့ခံထားရခြင်းနဲ့ ဆက်သွယ်ရေး အလွန်အမင်း ခက်ခဲခြင်းတို့ကြောင့် အရှိုချင်းတို့ရဲ့ အကူအညီတောင်းခံသံတွေဟာ အပြင်လောကဆီ ရောက်ရှိဖို့ များစွာ စိန်ခေါ်မှု ရှိနေပါတယ်။
အထူးသဖြင့် ချင်းတောင်တန်း ပင်မစစ်ရေးနယ်မြေ မဟုတ်တဲ့ မြေပြန့်ဒေသတွေမှာ ပိတ်မိနေကြတာကြောင့် အရှိုချင်းတို့ရဲ့ စစ်ဘေးအရှိန်အဝါနဲ့ မြေပြင် အခြေအနေတွေဟာ သတင်းမီဒီယာတွေရဲ့ အရေးပေး ဖော်ပြမှု ကင်းမဲ့နေတာပါ။ ထိုသို့ မီဒီယာတွေရဲ့ အာရုံစိုက်မှု ကင်းဝေးနေတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက် အကူအညီပေးရေး အသင်းအဖွဲ့များ (NGOs/CSOs) ရဲ့ ထောက်ပံ့မှုတွေ အရှိုချင်း စစ်ဘေးရှောင်တွေထံ ရောက်ရှိဖို့ လမ်းစပျောက်နေပြီး အခြေခံ လိုအပ်ချက်များစွာနဲ့ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
စစ်ဘေးကာလ ပညာရေးနှင့် မိခင်ဘာသာစကား၊ ယဉ်ကျေးမှု ပျောက်ကွယ်မည့် စိန်ခေါ်ချက်များ
စစ်ပွဲရဲ့ တိုက်ရိုက် ရိုက်ခတ်မှုတွေအပြင် အရှိုချင်းတို့အတွက် အကြီးမားဆုံး စိုးရိမ်စရာ စိန်ခေါ်ချက်တစ်ခုမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ မိခင်ဘာသာစကား၊ စာပေနဲ့ ရိုးရာယဉ်ကျေးမှုတွေ လုံးဝ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ပင် ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရတာကြောင့် ကလေးသူငယ်တွေ စာသင်ကျောင်းတွေနဲ့ အလှမ်းဝေးသွားရပြီး အခြေခံပညာ သင်ကြားခွင့် စနစ်တကျ မရရှိကြတော့ပါဘူး။ မိသားစုနဲ့ လူမှုအသိုက်အဝန်းတွေ ပြိုကွဲ ထွက်ပြေးနေရတာကြောင့် မျိုးဆက်သစ် လူငယ်တွေအကြား မိခင်ဘာသာစကား ပြောဆိုနိုင်စွမ်းနဲ့ စာပေ ထိန်းသိမ်းနိုင်စွမ်းတွေ လျော့ကျလာနေတာပါ။
ဒီကဲ့သို့ စစ်ဘေးဒဏ်နဲ့ ယဉ်ကျေးမှု ပျောက်ကွယ်မယ့် အန္တရာယ် နှစ်ထပ်ကွမ်းကြားမှာ ဒေသခံ အရှို လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ရှို (ချင်း) ကာကွယ်ရေးတပ် (ACDF) နဲ့ ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) စတဲ့ အဖွဲ့တွေဟာ တော်လှန်ရေး လုပ်ငန်းစဉ်တွေအပြင် တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာကို ထိန်းသိမ်းဖို့ပါ အလေးထား ကြိုးပမ်းလာကြပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေအပြင် မိခင် အရှိုချင်း ဘာသာစကား၊ စာပေနဲ့ ကိုယ်ပိုင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ ပျောက်ကွယ်မသွားစေဖို့ ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ဖော်ပြထားရာ ဒါဟာ လက်နက်ကိုင် ရုန်းကန်မှုနဲ့အတူ အမျိုးသားရေးဆိုင်ရာ အမှတ်လက္ခဏာကို ကာကွယ်တဲ့ ထူးခြားတဲ့ တုံ့ပြန်မှုတစ်ခုလည်း ဖြစ်ပါတယ်။
သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ အရှိုချင်း တိုင်းရင်းသားတွေဟာ ယနေ့ စစ်မီးကြားမှာ လူမှုဘဝ ကျပ်တည်းမှု၊ ပညာရေး ဆုံးရှုံးမှုတွေနဲ့ ယဉ်ကျေးမှု ပျောက်ကွယ်မယ့် စိန်ခေါ်ချက်တွေကို ပြင်းထန်စွာ ရုန်းကန် ရင်ဆိုင်နေရတာပါ။ မီဒီယာတွေရဲ့ အာရုံစိုက်မှု နည်းပါးနေတဲ့ ဒီမြေပြန့်ရောက် အရှိုချင်း စစ်ဘေးရှောင်တို့ရဲ့ စကားသံတွေကို သတင်းစာပညာဆိုင်ရာ ရှုထောင့်သစ်ကနေ ပိုမို မီးမောင်းထိုးပြဖို့ လိုအပ်နေပြီး တိုးတိတ်နေတဲ့ သူတို့ရဲ့ ဒုက္ခအသံတွေကို ကမ္ဘာက ကြားသိကာ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ အမြန်ဆုံး ရောက်ရှိသွားစေဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အစည်း အသီးသီးက ဝိုင်းဝန်း အရေးပေး ဖော်ပြကြဖို့ လိုအပ်လျက်ရှိနေပါတယ်။
CJ 014
