ပုဏ္ဏားကျွန်းမှာ အဓမ္မကျင့် လူသတ်ခဲ့သူကို သေဒဏ်ချမှတ် 

Author CJ Platform
Categories
Published on Aug 07, 2026

အာရက္ခပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အမျိုးသမီးတစ်ဦးကို အဓမ္မကျင့် သတ်ဖြတ်ခဲ့တဲ့ အမှုက တရားခံ မောင်တင်ဝင်း ကို သေဒဏ်နဲ့ ပူးပေါင်းပါဝင်သူ ၂ ဦးကို ထောင်ဒဏ် အနှစ် ၂၀ အသီးသီး အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ အာရက္ခ မှုခင်းနှင့် ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့က မနေ့က ဩဂုတ် ၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

 

လွန်ခဲ့တဲ့ ဇူလိုင်လ ၂၂ ရက် ည ၁၀ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာ အနောက်ဘက် တောင်ခြေရင်းအောက် မြောင်းအတွင်းမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်း လက်ထိတ် နောက်ပြန်ခတ်လျက် သေဆုံးနေတာကို တွေ့ရှိခဲ့ရာကနေ ရက္ခိုင်ပြည်သူ့ရဲတပ်ဖွဲ့ (ဒီလပ်) က အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဇူလိုင်လ ၁၈ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဆိပ်ကျေးရွာက အသက် ၂၃ နှစ်အရွယ် မ….. ဖြစ်ကြောင်း သိရှိခဲ့ရတာပါ။

 

အမှုကို ဆက်လက် စုံစမ်းရာမှာ ယိုးတရုပ်ရွာ၊ ကျားလောင်ပွန်း ဘုန်းကြီးကျောင်းရှိ ယာယီ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေတဲ့ ဆင်အင်းကြီးရွာမှ အသက် ၃၇ နှစ်အရွယ် မောင်တင်ဝင်း က အဓမ္မကျင့် သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

 

အဲဒီလို ထွက်ဆိုချက်အရ အမှုမှာ ပါဝင်ကူညီခဲ့တဲ့ ကြံခင်း ကယ်ဆယ်ရေးစခန်းမှာ နေထိုင်သူတွေ ဖြစ်ကြတဲ့ မောင်အေးကျော် (ခ) မောင်ပု (၂၉ နှစ်) နဲ့ မောင်သန်းစိုး (ခ) င/လုံး (၂၁ နှစ်) တို့ကိုပါ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီနောက် စစ်တွေခရိုင် တရားရုံးက လိုပြသက်သေ ၁၉ ဦး အပါအဝင် နှစ်ဖက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဩဂုတ်လ ၅ ရက်နေ့မှာ တရားခံ မောင်တင်ဝင်း ကို အမျိုးသမီးအား အဓမ္မကျင့် သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားတာကြောင့် ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ (၁)(ဂ) အရ “မသေမချင်း လည်ပင်း ကြိုးကွင်းစွပ်၍ သတ်စေ” လို့ သေဒဏ် အမိန့်ချမှတ်ခဲ့ပါတယ်။

 

ဒါ့အပြင် မောင်အေးကျော် (ခ) မောင်ပု နဲ့ မောင်သန်းစိုး (ခ) င/လုံး တို့ကို သေဆုံးသူအား မြောင်းအတွင်းဆီ ခေါ်ဆောင်ခြင်း၊ လက်ထိတ်ခတ်ခြင်းနဲ့ မျက်နှာကို အဝတ်နဲ့ ချုပ်ပေးခြင်း စတဲ့ လူကို သတ်ဖို့ သွေးဆောင် ခေါ်ယူမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ရာဇသတ်ကြီး ပုဒ်မ – ၃၆၄ အရ ထောင်ဒဏ် (၂၀) နှစ်စီ အသီးသီး ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ လူသတ်မှု၊ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု အပါအဝင် မှုခင်းကျဆင်းရေးကို ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ တစ်ဦးမျှ လွတ်မြောက်မှု မရှိစေရေး မူဝါဒနဲ့ အထူး အလေးထား ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – AA