ပေါ်တာဆွဲခံရမှာကို စိုးရိမ်တာကြောင့် အသက်မပြည့်သေးတဲ့ လူငယ်အချို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်
စစ်အုပ်စု အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူငယ်အများအပြားကို စစ်မှုထမ်းဖို့အတွက် စစ်အုပ်စုက စာထုတ်ပြီး ခေါ်ဆောင်တာမျိုး ရှိသလို ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်း လုပ်ဆောင်နေတာကြောင့် အသက်မပြည့်သေးတဲ့ လူငယ်အချို့ဟာ ထိုင်းနိုင်ငံဘက်ကို အလုပ်လုပ်ကိုင်ဖို့အတွက် ထွက်ပြေးတိမ်းရှောင်လာသူတွေ များလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလို စစ်မှုထမ်းခိုင်းတာနဲ့ ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ် ဖြစ်ပေါ်လာတာကြောင့် ကရင်ပြည်၊ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေမှာ နေထိုင်တဲ့ လူငယ်အချို့ဟာ ကျောင်းနေရမယ့် အရွယ်တွေ ဖြစ်ပေမဲ့လည်း ပေါ်တာဆွဲ ဖမ်းဆီးခံရမှာကို စိုးရိမ်တာကြောင့် ကျေးရွာမှာ မနေရဲတော့ဘဲ ထိုင်းနိုင်ငံဆီ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာလာရတာလို့ ဆိုပါတယ်။
“ရွာထဲမှာ မနေရဲတော့ဘူးလေ။ ကျောင်းကတော့ နေချင်သေးတယ်။ ရွာမှာနေတော့လည်း ဘယ်မှမသွားရဘူး၊ အဖမ်းခံရမှာစိုးလို့။ ကျွန်တော် ထိုင်းတက်မလာခင်ကလည်း ရွာပြင်မှာနေတဲ့ စကားမပြောတတ်တဲ့ ကောင်လေးကို ဘယ်အဖွဲ့ကလည်းတော့ မသိဘူး၊ သူ့ကို ကားထဲ အတင်းဆွဲတာ။ သူ့အစ်မက တွေ့သွားတော့ လှမ်းအော်လိုက်တော့မှ အဲဒီလူတွေက ထွက်ပြေးသွားတာ။ အိမ်က အမေတွေကလည်း အဲဒါကို ကြောက်လို့ ကျွန်တော်တို့ကို ထိုင်းကို လွှတ်လိုက်တာ။ ရွာထဲမှာလည်း အမျိုးသားတွေတောင် မရှိတော့ဘူး။ ရွာမှာ ကျန်ခဲ့တဲ့ အမျိုးသားတွေကလည်း အသက် ၁၃၊ ၁၄ နှစ်တွေပဲ ကျန်တော့တယ်” လို့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကော့ကရိတ် နယ်ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာ တော်တော်များများမှာ စစ်မှုထမ်း လူစားထိုးကြေးအတွက် တစ်အိမ်ကို ၅ သောင်းကနေ ၁ သိန်းအထိ ပေးဆောင်ရတာမျိုးလည်း ရှိပါတယ်။ အဆိုပါ ငွေကြေး ကောက်ခံတဲ့နေရာမှာ လူလတ်ပိုင်း အမျိုးသားတွေ ရှိတဲ့ နေအိမ်က ပိုမို ပေးဆောင်ရတာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။
“ဘယ်အဖွဲ့အတွက် ပေးရမှန်းကို မသိဘူး။ လတိုင်း ပေးရတယ်။ လူပျိုတွေ ရှိတဲ့အိမ်၊ အသက် ၂၀ ကျော်အရွယ်တွေ ရှိတဲ့အိမ်တွေဆို ပိုပေးရတယ်။ ဘာလို့လဲဆိုတော့ အဲဒီအရွယ်တွေက စစ်မှုထမ်းဖို့အတွက် ဆို ခေါ်လို့ကောင်းတဲ့ အရွယ်ဆိုတော့။ အမျိုးသား မရှိတဲ့အိမ်လည်း ပေးရတာပဲ။ တစ်ချို့ဆို ပိုက်ဆံလည်း ပေးရသေးတယ်၊ ပေါ်တာဆွဲခံရတာတွေလည်း ရှိတယ်” လို့ အမည်မဖော်လိုတဲ့ ကော့ကရိတ် နယ်ခံတစ်ဦးက ပြောပါတယ်။
ထိုင်းနိုင်ငံကို အသက်မပြည့်ဘဲ ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ အမျိုးသမီးငယ်တွေလည်း ပါဝင်ပါတယ်။ အခုလို ထိုင်းနိုင်ငံကို တက်ရတဲ့ အကြောင်းအရင်းဟာလည်း ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ မိဖာလဲ့၊ နောင်ကိုင်း၊ အောက်ဘိုတဲ စတဲ့ လမ်းပိုင်းတွေမှာ စစ်အုပ်စုနဲ့ KNU တပ်မဟာ (၇) နယ်မြေ KNLA မဟာမိတ်တပ်ဖွဲ့တွေ နှစ်ဖက် အပြန်အလှန် ထိတွေ့မှု ဖြစ်ပွားနေတာကြောင့် စစ်အုပ်စုဟာ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာချိန် ဖမ်းဆီးခံရမှာ စိုးရိမ်တာကြောင့် မိဘတွေက ပို့ဆောင်ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင် လုပ်ဆောင်ခဲ့ပြီး စစ်မှုထမ်းဖို့အတွက် အမျိုးသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်နဲ့ အမျိုးသမီး ၁၈ နှစ်ကနေ ၂၇ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
CJ – 003
ဓာတ်ပုံ – CJ
