မြဝတီမှာ စစ်အုပ်စုရဲ့ ရက်တစ်ရာ စီမံချက်အတွင်း စစ်တပ်နဲ့အပေါင်းအပါတွေက ကျူးကျော်မြေတွေကို ဂရန်ထုတ်သွား 

Author CJ Platform
Categories
Published on Aug 05, 2026

ကရင်ပြည်၊ မြဝတီမြို့မှာ စစ်အုပ်စုက ရက်တစ်ရာ စီမံချက်ကို အကြောင်းပြပြီး မြေဂရန် လက်မှတ် ထုတ်ပေးတာတွေ ပြုလုပ်နေတယ်လို့ မြဝတီ မြို့ခံတွေဆီက သိရပါတယ်။

 

စစ်အုပ်စုဟာ စာသင်ကျောင်းတွေက ကလေးသူငယ်တွေကို မှတ်ပုံတင်ကတ် လုပ်ပေးတာနဲ့ ကျူးကျော်မြေကွက်က စစ်တပ်ထောက်ခံသူ အုပ်စုတွေရဲ့ အိမ်ခြံမြေတွေကို မြေဂရန် လက်မှတ် ထုတ်ပေးတာတွေကိုသာ ဟန်ပြ လုပ်နိုင်ခဲ့ပြီး မြို့လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကိုတော့ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

 

အာဏာသိမ်း စစ်အုပ်စုက ကရင်ပြည် အတုအယောင် လွှတ်တော်နဲ့ စစ်တပ် ပြည်နယ်အစိုးရကို ဖွဲ့စည်းပြီးနောက် ရက်တစ်ရာ စီမံချက်ကာလ ဧပြီလ ၂၀ ရက်ကနေ ဇူလိုင်လ ၃၁ ရက်အထိ ဒေသဖွံ့ဖြိုးရေး၊ ဥပဒေစိုးမိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို လုပ်ဆောင်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ မြဝတီမြို့မှာ လူမှုစီးပွားဘဝတွေ ထူးခြားပြောင်းလဲတာမျိုး မရှိဘူးလို့ မြဝတီ မြို့ခံတစ်ဦးက ပြောပါတယ်။

 

“မြဝတီက ဘယ်သူ အုပ်ချုပ်လဲဆိုတာ ပြောရခက်တဲ့ မြို့ဘဲ။ စစ်တပ် ရက်တစ်ရာဆိုပြီး အခုက ကျောင်းသား ကလေးတွေကို အသက် ၁၀ နှစ် မှတ်ပုံတင်ပေးတာ၊ ကျူးကျော်မြေကွက်တွေကို စစ်တပ်နဲ့ ပေါင်းစားတဲ့ မြေပွဲစားတွေ၊ မြေစာရင်းနဲ့ ထွေအုပ်နဲ့ ပေါင်းပြီး မြေဂရန် ချပေးတာ နှစ်ခုဘဲ ပြလို့ရတာ ရှိတယ်။ မြင်းဆေးနဲ့ ကျားဖြန့်၊ တရုတ်နဲ့ ဂိမ်းရုံ၊ ဖာရုံ တွေကတော့ ဘာမှ မနှိမ်နင်းနိုင်ဘူး” လို့ ဆိုပါတယ်။

 

ဒါ့အပြင် မြဝတီမြို့မှာ ၂၀၂၃ ခုနှစ်ကစပြီး လျှပ်စစ်မီး ပြတ်တောက်နေသလို မိုဘိုင်းဖုန်းလိုင်း၊ အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေဟာ ဒီကနေ့ ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ပြန်လည် မရရှိဘဲ မိသားစုသုံး၊ လုပ်ငန်းသုံး မီးစက်၊ ဆိုလာစနစ်နဲ့ ထိုင်းကတစ်ဆင့် ငှားရမ်းထားတဲ့ အင်တာနက် ဝိုင်ဖိုင်စနစ်နဲ့သာ စစ်တပ်၊ ကရင်လက်နက်ကိုင်၊ စစ်တပ် အုပ်ချုပ်ရေး ဌာနဆိုင်ရာ အဖွဲ့တွေက အသုံးပြုပြီး လုပ်ငန်း လည်ပတ်နေရကြောင်း မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်သူက ပြောပါတယ်။

 

“အခုထိ လျှပ်စစ်မီး ပြန်မလာဘူး။ ဆိုလာသုံး၊ မီးစက်သုံး နေရတယ်။ ဖုန်းက ဆက်ချင်ရင် လိုင်းမိတဲ့ မြို့ပြင်ထွက် လိုင်းရှာပြီး ဆက်ရတယ်။ မြို့ထဲမှာ ဖုန်းလိုင်း ကောင်းကောင်း မရဘူး။ အင်တာနက် ဝိုင်ဖိုင်လည်း မြန်မာလိုင်းတွေ မရဘူး။ ထိုင်းဝိုင်ဖိုင် သုံးနေရတယ်” လို့ ပြောပြပါတယ်။

 

စစ်အုပ်စုက တရားမဝင် ရွေးကောက်ပွဲက ခန့်အပ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြဝတီ စစ်တပ် အုပ်ချုပ်ရေးဌာနနဲ့ ပူးပေါင်းပြီး ရေမြောင်း ဖော်ဆောင်ခြင်း၊ မြို့သန့်ရှင်းရေး လုပ်ဆောင်ခြင်းနဲ့ ဖွင့်ပွဲ၊ အလှူပွဲ၊ ဆုပေးပွဲ အခမ်းအနား တက်ခြင်းတို့ကိုသာ ဟန်ပြ လုပ်ဆောင်ပြနေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကရင်ပြည် အတွင်းက စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြို့နယ်အချို့မှာလည်း နိုင်ငံသား မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပြုလုပ်ပေးတာ၊ ဒေသ လမ်းပိုင်းအချို့ ပြန်ဖွင့်ပေးတာ၊ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စအချို့ ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ကွင်းဆင်း စစ်ဆေးတာမျိုးဘဲ ရှိတယ်လို့ သတင်း အရင်းအမြစ်တွေကို ဆက်သွယ် မေးမြန်းချက်တွေအရ သိရပါတယ်။

 

CJ – 003

ဓာတ်ပုံ – လူမှုကွန်ရက်

 

 

Related News

Depend on news