Popa Garden Resort ဟိုတယ် မှာ တည်းခိုနေသူ ၁၁ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက် ဖမ်းဆီးသွား
ပုပ္ပါးတောင်အနီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးကျေးရွာရှိ Popa Garden Resort Hotel မှာ တည်းခိုနေတဲ့ ခရီးသွားဧည့်သည် ၁၁ ဦးကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီက အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၃ နာရီက အမည်မသိ လက်နက်ကိုင်အဖွဲ့က ကားနဲ့ ရောက်ရှိလာပြီး Popa Garden Resort Hotel မှာ တည်းခိုနေတဲ့ ဧည့်သည် ၁၁ ဦးကို ဖမ်းဆီးသွားတာလို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ပုဂံကိုလာတဲ့ ဧည့်သည် ၁၁ ယောက် ပုပ္ပါးဟိုတယ်မှာ အဖမ်းခံရတယ်ကြားတယ်၊ ဘယ်အဖွဲ့အစည်းက ဖမ်းသွားလဲတော့ မသိဘူး။ သူတို့ အဲဒီလိုတွေ လုပ်တော့ အဲဒီသတင်းကို ကြားပြီး ပုဂံကို ဘုရားဖူး မလာရဲတော့ဘူး” လို့ ပြောပါတယ်။
Popa Garden Resort Hotel မှာ ဖမ်းဆီးခံရသူတွေဟာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ ကျောက်တန်းမြို့နယ်က အမျိုးသား ၁ ဦး၊ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသမီး ၁ ဦးနဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က အမျိုးသား ၁ ဦးတို့ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အားလုံးပေါင်း ယောက်ျားလေး ၉ ယောက်၊ မိန်းကလေး ၂ ယောက်၊ အသက်က ၁၆ နှစ်ကနေ ၆၀ အထိပါတယ်။ ဘယ်ကို ဖမ်းသွားလဲတော့ မသိဘူး” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ Popa Garden Resort Hotel က ဘုရားဖူးဧည့်သည် ၁၁ ယောက် ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်ကရော စစ်အုပ်စုဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်တပ် အာဏာသိမ်းပြီးနောက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ ခရီးသွားဧည့်သည်နဲ့ ဘုရားဖူးတွေကို ပြန်ပေးဆွဲပြီး ငွေသိန်းထောင်ချီနဲ့ ပြန်ရွေးခိုင်းတဲ့ ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလာနေတာပါ။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကလည်း ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေ ရဲ့ ပရဟိတအဖွဲ့ ပုပ္ပါးတောင်ကလပ်မှာ သွားရောက်လှူဒါန်းပြီးအပြန် ပြန်ပေးဆွဲခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
