ပညာရေးဝန်ထမ်းတွေကို လစာတိုးပေးဖို့ အစီအစဉ်မရှိဘူးလို့ စစ်အုပ်စုခန့် ဝန်ကြီးပြော
ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို လစာတိုးမြှင့်ပေးဖို့ အစီအစဉ် မရှိဘူးလို့ စစ်အုပ်စုခန့် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်သန်းသန်းလင်း က ဒီကနေ့ ဇူလိုင် ၂၇ ရက် ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
ဒီကနေ့ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တောင်ဒဂုံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး က “ပညာရေးဝန်ထမ်း ဆရာ/ဆရာမများအား ထိုက်သင့်သော ချီးမြှင့်ငွေ သို့မဟုတ် လစာတိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း” မေးမြန်းရာမှာ ဒုဝန်ကြီးက ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
ဒုဝန်ကြီး ဒေါ်သန်းသန်းလင်း က “ပညာရေးဝန်ကြီးဌာန အပါအဝင် ဌာနအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံဝန်ထမ်း အားလုံးအတွက် ရာထူး အဆင့်အလိုက် သတ်မှတ် ချိန်နှုန်းလစာ၊ လစဉ် အပိုထောက်ပံ့ကြေး၊ တစ်နှစ်လျှင် တစ်ကြိမ် ခံစားခွင့်ရှိသည့် ဝတ်စုံစရိတ်၊ အခမဲ့ အိမ်ရာတွင် နေထိုင်ခွင့် မရရှိဘဲ မိမိအစီအစဉ်ဖြင့် နေထိုင်ရသည့် ဝန်ထမ်းများအတွက် သတ်မှတ်ချက်နဲ့အညီ ခံစားခွင့်ရှိသည့် အိမ်ငှားစရိတ်၊ ဝေးလံခေါင်းသီး၍ လူမှုရေး ခက်ခဲသော ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံဝန်ထမ်းများအတွက် ဒေသစရိတ်၊ တာဝန်ဖြင့် ခရီးသွားလာခြင်းအတွက် ခရီးသွား အနားတိုင်စရိတ်၊ အမှန်တကယ် ကုန်ကျသည့် ခရီးစရိတ်နဲ့ ရာထူး အဆင့်အလိုက် သတ်မှတ်ထားရှိသည့် တည်းခိုစရိတ်များကိုလည်း ခံစားခွင့် ရရှိသည့်အပြင် ပညာရေးကဏ္ဍရှိ သင်ကြားရေးပိုင်းတွင် တာဝန်ယူ ဆောင်ရွက်နေကြသည့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများအတွက် သတ်မှတ် နှုန်းထားများဖြင့် လစဉ် ချီးမြှင့်ငွေ ပေးအပ်လျက်ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော်မှ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနဲ့ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်သည့် ပညာရေးဝန်ထမ်း ကျောင်းအုပ်ကြီးများအတွက် ၎င်းတို့၏ ရာထူး အဆင့်အလိုက် ကနဦး လစာ၏ ၁၀ ရာခိုင်နှုန်းဖြင့် လစဉ် အုပ်ချုပ်မှုစရိတ်ကိုလည်းကောင်း၊ ပညာရေးဝန်ထမ်း သင်ကြားရေး ဆရာ၊ ဆရာမများအတွက် အမြင့်ဆုံး ရရှိသည့် ဘွဲ့အလိုက် လစဉ် ချီးမြှင့်ငွေများအား ပါရဂူဘွဲ့ ရရှိသူတစ်ဦးလျှင် ကျပ် ၃၀,၀၀၀၊ မဟာဒဿန၊ မဟာဘွဲ့၊ မဟာသုတေသန ရရှိသူ တစ်ဦးလျှင် ကျပ် ၂၅,၀၀၀၊ ဘွဲ့လွန် ဒီပလိုမာ ရရှိသူ တစ်ဦးလျှင် ကျပ် ၁၀,၀၀၀ စသည်တို့ဖြင့် လစဉ် ချီးမြှင့်ငွေများကို ပေးနေတယ်လို့လည်း ပြောပါတယ်။
ထောက်ပံ့ကြေးဆိုရာမှာ ခေတ်နဲ့ လျှော်ညီတဲ့ ငွေကြေးပမာဏတစ်ခု ဖြစ်ဖို့ လိုအပ်ပြီး အမှန်တကယ် ပေးတာမျိုး ဖြစ်စေချင်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အခုခေတ် ကုန်ဈေးနှုန်းနဲ့ ဆရာမတစ်ယောက်ကို တစ်လ တစ်သောင်း ထောက်ပံ့တာကို နိုင်ငံနဲ့ ချီပြီးပြောနေတဲ့ လူကြီးတွေ ပြောချင်တာက အဲဒီပိုက်ဆံ တစ်သောင်းက တစ်ရက်တောင် သုံးလို့မရဘူး။ လစာတိုးလည်း တက်လာမယ့် ကုန်ဈေးကို ဘယ်သူမှ ထိန်းနိုင်တာ မဟုတ်တော့ မတိုးတာပဲ ကောင်းတယ်” လို့ ပြောပါတယ်။
နိုင်ငံဝန်ထမ်းများ၏ ချိန်နှုန်းလစာနှုန်းထားများ တိုးမြှင့်ပေးရန် စဉ်းစားရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု အခြေအနေများ၊ လက်ရှိ ခံစားခွင့်ပြုထားသော နှုန်းထားများ၊ စုစုပေါင်း ဝန်ထမ်းဦးရေ၊ ရာထူး အဆင့်လိုက် ဝန်ထမ်းဦးရေ အခြေအနေများ၊ လစာနှုန်း တိုးမြှင့်မှုနဲ့ ပတ်သက်သည့် ပင်စင်စာများ၊ လုပ်သက် ဆုငွေ၊ နေ့စား ဝန်ထမ်း လုပ်ခ စသည့် အခြေအနေများ အပါအဝင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ဘတ်ဂျက် ခံနိုင်ရည်ရှိမှု အခြေအနေများကို စိစစ်သုံးသပ်နေရတယ်လို့ ဒုဝန်ကြီး ဒေါ်သန်းသန်းလင်း က ပြောပါတယ်။
ဓာတ်ပုံ – Pro-SAC
