သထုံမှာ စစ်အုပ်စုက ကုန်စုံဆိုင်တွေဆီကနေ အခွန်အခကို သတ်မှတ်နှုန်းထက် အဆပေါင်းများစွာ ပိုတောင်းနေပြီး ထိုင်းကုန်စည်ကို ခိုးဝှက်ရောင်းချဖို့ ညွှန်ကြား
မွန်ပြည်၊ သထုံမြို့နယ်မှာ ကုန်စုံဆိုင်တွေဆီကနေ သတ်မှတ်ထားတဲ့ ဈေးထက် အခွန်အဆမတန် တောင်းခံမှုတွေ ရှိနေသလို ထိုင်းကုန်ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေနဲ့ ဆိုင်တွေကိုလည်း ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အုပ်စုရဲ့ အခွန်ဦးစီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက အခွန်လာကောက်ရာမှာ ပြေစာမှာ သတ်မှတ်ထားတဲ့ ဈေးထက် ၅ ဆပို တောင်းခံသွားပြီး ယိုးဒယားပစ္စည်းတွေကိုလည်း တစ်ခုနှစ်ခုသာ တင်ရောင်းဖို့ တာဝန်ရှိသူတွေက လာပြောသွားတယ်လို့ သထုံမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ယိုးဒယားပစ္စည်းရောင်းရင်တောင် တစ်ခုနှစ်ခုပဲ ရောင်းပြီး ကျန်တာ ခိုးဖွက်ထားဆိုပြီး ရုံးက ကိုယ်တိုင်ပြောတယ်။ အခွန်လာကောက်တာ ၂ သိန်းတဲ့။ ပြေစာပြန်ပေးတော့ ပြေစာစာရွက်ထဲမှာ ငါးသောင်းတဲ့။ အသိအစ်မတစ်ယောက်တုန်းကကျ အခွန်လာကောက်တာ ၄ သိန်းတဲ့။ ပြေစာပြန်ရတော့ ၅ သောင်းတဲ့။ သူက လုပ်ငန်းနည်းနည်းကြီးလို့ထင်တယ်” လို့ အဆိုပါ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ ထိုင်းဘက်က တင်သွင်းလာတဲ့ အချိုမှုန့်၊ ဆီ၊ ဆပ်ပြာကအစ အရေအတွက် အများအပြားတွေ့ပါက သိမ်းဆည်းနေပြီး အွန်လိုင်းကနေလည်း ရောင်းဝယ်မရဖြစ်နေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လကလည်း သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေနဲ့ ဆိုင်တွေကို ဝင်ဖမ်းတာတွေ ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဟိုတလောက ဆီ၊ ဆပ်ပြာတွေရောင်းတဲ့ ဆိုင်တွေ ဂိုဒေါင်တွေ ဝင်ဖမ်းတယ်။ အသိတစ်ယောက်ဆို ဆီသွားဝယ်တာ ၆ ဗူးပါ တစ်ဖာကို ၉ သောင်းတဲ့။ ဒါတောင် နောက်ထပ် မရဘူးတဲ့။ ဂိုဒေါင်မှာ ပစ္စည်းကုန်သွားလို့လို့ ပြောလိုက်တယ်တဲ့။ ခုက ခိုးသယ်နေကြရတာ” လို့ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့ခံ တစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
လက်ရှိမှာ ကုန်ပစ္စည်းတွေကို မှောင်ခိုတင်သွင်းနေရပြီး တန်ဆာခတွေ ဈေးအဆမတန် မြင့်တက်နေကာ ကုန်ဈေးနှုန်းတွေဟာ ၃ ဆ၊ ၄ ဆလောက်ထိ ဈေးတွေ မြင့်တက်နေသလို ပစ္စည်းရှားပါးမှုတွေလည်း ဖြစ်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံက လူသုံးကုန်၊ ဆေးဝါး၊ အလှကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို အဓိက အားထားနေရတာဖြစ်ပြီး စစ်အုပ်စုက တရားမဝင် ကုန်ပစ္စည်းတွေဆိုပြီး ဖမ်းဆီးနေတာကြောင့် ဈေးကွက်အတွင်း ဈေးနှုန်း မြင့်တက်တာနဲ့ ကုန်ပစ္စည်း ပြတ်လပ်တာတွေ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။
“ဘားအံဘက်မှာပဲ ယိုးဒယားပစ္စည်း ပေါတယ်။ ဒီဘက်မှာတော့ မရှိသလောက်ပဲ။ ပစ္စည်းက အနည်းငယ်လောက်ဆို ပို့လို့ရတယ်။ သုံးနေကျ cosmetic တွေကတော့ တစ်ခါဝယ် ဈေးတစ်ခါပြောင်းပဲ။ ဈေးက ခုန်ခုန်တက်တာ။ သုံးနေကျ L’Oreal မျက်နှာသစ်ဆေးဆို အရင်က တစ်ဘူး ၇ ထောင်။ အခုနောက်ပိုင်း ၁၅,၀၀၀ ဖြစ်သွားပြီ” လို့ သထုံမြို့ခံတစ်ဦးကလည်း ပြောပါတယ်။
လက်ရှိမှာ သထုံမြို့နယ်ထဲကို ဘားအံ၊ မော်လမြိုင်နဲ့ ဘုရားသုံးဆူဘက်ကနေ ပစ္စည်းတွေ တင်သွင်းနေရပေမဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေကို ၅ သောင်းကနေ သိန်း ၂၀ ထိ ပေးဆောင်နေရတာကြောင့် အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။
“ဘားအံကနေ သထုံကိုသယ်ဖို့ သံလွင်တံတားတစ်ခု ဖြတ်ဖို့ကို သိန်း ၂၀ လောက်ကုန်တယ်။ အစားစားပဲ။ ဘားအံကနေ ရန်ကုန်ကို ပစ္စည်းပို့ပေးတာလည်း တစ်ခုမှကို ပို့မရဘူး။ သူတို့ကို မေးတော့ QR ကုဒ်မှာ ထိုင်းစာပါနေလို့တဲ့။ ပြန်ရောက်လာတယ် ပို့မရဘူး။ ထိုင်းပစ္စည်းက ပို့မရဘူး အကုန်ဖမ်းနေတာ” လို့ ကုန်စုံဆိုင်ဖွင့်ထားတဲ့ အဆိုပါ သထုံမြို့ခံတစ်ဦးက ပြောပါတယ်။
မွန်ပြည်မှာ စစ်အုပ်စုက တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ ထိုင်းကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ နေရာမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ကိုယ်တိုင်က ဦးဆောင်ကာ လုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ညောင်ခါးရှည်ဂိတ်ကို ရှောင်ကွင်းသွားလာနေတဲ့ ကုန်တင်ကားတွေကို ထိရောက်စွာ ဖမ်းဆီးဖို့ နယ်လုံဝန်ကြီးက ညွှန်ကြားအမိန့် ထုတ်ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
