DEMU ရထားပေါ်မှာ စည်းကမ်းမဲ့ ပြုမူလို့ အရေးယူခံရသူ ၆၀ ကျော်ထိ ရှိလာ
မြန်မာနိုင်ငံက မြို့ကြီးတွေကို ပြေးဆွဲနေတဲ့ DEMU ရထားပေါ်မှာ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်အောင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူခံရသူ ၆၁ ဦးထိ ရှိလာပြီဖြစ်တယ်လို့ စစ်အုပ်စုရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မော်လမြိုင်ကနေ ရန်ကုန်ဘူတာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့က ထွက်ခွာခဲ့တဲ့ အမှတ် (၈၄) အစုန် DEMU ရထားပေါ်မှာ ခရီးသည်တွေ စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဒေါ်မြသန်း ဦးဆောင်တဲ့ အားကစားအဖွဲ့ ၅၄ ဦးကို မနေ့က ဇူလိုင်လ ၂၆ ရက်နေ့မှာ အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အဖွဲ့ဟာ ရထားပေါ်မှာ ဆူညံစွာ အော်ဟစ်သီချင်းဆိုခြင်း၊ ရထားထိုင်ခုံ လက်တန်းပေါ်မှာ ထိုင်ခြင်း၊ ရထားကြမ်းခင်းမှာ လျှောက်လမ်းပိတ်ဆို့ပြီး ထမင်းဝိုင်းဖွဲ့ စားသောက်ခြင်း၊ TikTok ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့တာကြောင့် မြန်မာ့မီးရထား၊ တိုင်းအမှတ် (၈) (မော်လမြိုင်) မှ အထူးတန်းရုံပိုင်ကြီး ဦးသန်းစိုး က မော်လမြိုင်မြို့မရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်းခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းကလည်း ရန်ကုန်ကနေ မန္တလေးကို ထွက်ခွာလာတဲ့ အမှတ် (၃) အဆန် ရန်ကုန်-မန္တလေး DEMU လူစီးအမြန်ရထားပေါ်မှာ အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်အောင် အရက်သေစာ သောက်စားခဲ့တဲ့ အမျိုးသား ၃ ဦးကို ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့တယ်လို့ မနေ့က ဇူလိုင်လ ၂၆ ရက်နေ့မှာ စစ်အုပ်စုရဲ့ သတင်းပြန်ကြားရေးဌာန MOI က သတင်းထုတ်ပြန်ထားပါတယ်။
သူတို့ဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာနေ ကံကောင်း၊ တံတားဦးမြို့နယ်၊ သင်ပန်းကုန်းကျေးရွာနေ ဉာဏ်ပို နဲ့ မတ္တရာမြို့နယ်၊ မင်္ဂလာသီရိကျေးရွာနေ ကိုဇော်လင်း တို့ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ DEMU ရထားပေါ်မှာ ကွမ်းတံတွေး ထွေးခဲ့တဲ့ အမျိုးသမီး ၄ ဦးကိုလည်း ဇူလိုင်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲက ပျဉ်းမနားမြို့၊ ရွာကောက်ရပ်ကွက်၊ ဦးကျေးရွာမှာ မီးရထားဝန်ထမ်းတွေနဲ့အတူ စစ်အုပ်စုတပ်နဲ့ ရဲက လာရောက်ဖမ်းဆီးခဲ့ပြီး ပျဉ်းမနားမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဆိုပါ ၆၁ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေအရ အများပြည်သူကို စိတ်ငြိုငြင်စေဖို့ ပြုမူပြောဆိုခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ ရထားပေါ်မှာ ပါရှိတဲ့ အရေးပေါ်ကိရိယာကို ခိုင်လုံတဲ့ အကြောင်းမရှိဘဲ အသုံးပြုခြင်း သို့မဟုတ် ရထားမှာရှိတဲ့ ဆက်သွယ်ရေးစနစ်နဲ့ ပစ္စည်းကိရိယာကို နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်း၊ ရထားစတင် ထွက်ခွာစဉ် ရထားပေါ်ကို ခုန်တက်ခြင်း သို့မဟုတ် ရထားမရပ်မီ ခုန်ဆင်းခြင်းနဲ့ ရထားအမိုးအကာ၊ ခြေနင်း၊ တွဲများအကြား သတ်မှတ်ခွင့်ပြုချက်မရှိတဲ့ နေရာတွေမှာ စီးနင်းလိုက်ပါတာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။
အဆိုပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ၃ လထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ် ၁ သောင်းကနေ အများဆုံး ကျပ် ၁ သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
