ဘုရားသုံးဆူမှာ စစ်အုပ်စုသတင်းပေး လူမိုက်ခေါင်းဆောင် အေးကျော် ပစ်ခတ်ခံရပြီး သေဆုံး၊ ဇနီးနှစ်ဦး ဒဏ်ရာရ
ကရင်ပြည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ စစ်အုပ်စုရဲ့ အားထားရတဲ့ သတင်းပေးလူမိုက် အေးကျော်နဲ့ သူ့ရဲ့ ဇနီးနှစ်ဦးကို ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ဥဒေါင်းကန်စားသောက်ဆိုင် ဈေးတန်းလမ်းမှာ အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အေးကျော် သေဆုံးသွားပြီး ဇနီးဖြစ်သူ နှစ်ဦး သေနတ်ကျည်ထိမှန်ကာ ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်အုပ်စုသတင်းပေးလို့ အမည်ကြီးသူ လူမိုက်အေးကျော်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေကြောင့် ထိုင်းနိုင်ငံ၊ စံခလပူရီမြို့ရှိ ဝင်းကဆေးရုံသို့ အရေးပေါ် ပို့ဆောင်ဖို့ ကြိုးပမ်းစဉ်၊ နယ်စပ်ချက်ပွိုင့် (နယ်စပ်ဖြတ်ကျော်စခန်း) အရောက်မှာပင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သေဆုံးသူရဲ့ ရုပ်အလောင်းနဲ့အတူ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဇနီးကြီးဖြစ်သူ မကရင်မနဲ့ ဒုတိယဇနီး တို့ကို ဘုရားသုံးဆူတိုက်နယ်ဆေးရုံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
“အေးကျော်က စစ်တပ်သတင်းပေး၊ သူရဲ့မိန်းမ မကရင်မက နယ်စပ်ပွဲစား။ မူးယစ်ဆေးဝါး၊ လက်နက်၊ လူမှောင်ခို၊ ကုန်ပို့ကုန်သွင်းကိစ္စတွေဆိုရင် စစ်တပ်၊ DKBA၊ BGF၊ မွန်အဖွဲ့တွေ၊ ရဲနဲ့ စရဖတွေအထိ သူတို့ပါမှ၊ သူတို့ကတစ်ဆင့် ပြီးမှပြီးရတဲ့ အခြေအနေရှိတာ။ ထိုင်းဘက်ကမ်းက စစ်တပ်နဲ့ ထောက်လှမ်းရေးတွေအထိပါ သူနဲ့ အကုန်ပတ်သက်နေတာ။ အခုတော့ ပစ်ခတ်ခံရလို့ အေးကျော်က သေဆုံးသွားပြီ၊ မကရင်မနဲ့ မယားငယ်ကတော့ ခြေထောက်တွေ လက်တွေ ကျည်ထိကုန်တယ်၊ မသေဘူး” လို့ ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောပြပါတယ်။
အခုလိုမျိုး ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ဥဒေါင်းကန်အနီးရှိ ထိုင်းအစားအစာ စားသောက်ဆိုင်မှာ ဒေသခံ ရပ်ကွက်သားအချို့နဲ့ အေးကျော်တို့အဖွဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး၊ အရပ်သားပြည်သူတွေကို ရိုက်နှက်ထိုးကြိတ် နှိပ်စက်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ သေနတ်သမား နှစ်ဦးက လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်နေ့ကလည်း ရေးမြို့နယ် ပြောက်ကျားတပ်ဖွဲ့ (YGF) ရဲ့ ဒုတပ်ရင်းမှူး ဗိုလ်ရန်ပိုင် (ခ) ရဲဘော်ကြီးကို နယ်စပ်ချက်ပွိုင့်နေရာအနီးမှာ ကိုအေးကျော်နဲ့ မကရင်မ အဖွဲ့က ခိုက်ရန်ဖြစ်ပွားပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ကြောင်း ဘုရားသုံးဆူဒေသခံတွေက ထပ်မံပြောပြပါတယ်။
အဆိုပါ လူမိုက်အေးကျော်နဲ့ မကရင်မတို့ လင်မယားဦးဆောင်တဲ့ လူမိုက် သတင်းပေးအဖွဲ့ဟာ ဘုရားသုံးဆူ၊ ကြာအင်းဆိပ်ကြီးနဲ့ မော်လမြိုင် လမ်းပိုင်းတွေမှာ စစ်အုပ်စုတပ်တွေ၊ DKBA နဲ့ BGF တပ်တွေရဲ့ လက်နက်ခဲယမ်း၊ စစ်ကူလုပ်ငန်းတွေအပြင် အခြားသော ဒုစရိုက်လုပ်ငန်းတွေနဲ့ မှောင်ခိုလုပ်ငန်းတွေကိုပါ ဦးဆောင်လုပ်ကိုင်ခွင့် ရရှိထားသူတွေ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – ပေးပို့
