ကန်ပက်လက်နဲ့ မင်းတပ်ဒေသခံတွေ အခြေခံစားသောက်ကုန်တွေကို လုံလောက်စွာ မစားသုံးရတဲ့ အခြေနေကို ရင်ဆိုင်နေရ
ချင်းပြည်၊ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေဟာ အခြေခံစားနပ်ရိက္ခာတွေ ဖြစ်ကြတဲ့ ဆီ၊ ဆား၊ ငပိ၊ ဟင်းခတ်မှုန့် စတာတွေကို လုံလောက်စွာ ဝယ်ယူစားသုံးခွင့် မရရှိကြဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်အုပ်စုရဲ့ ကုန်စည်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်ချက်တွေနဲ့ ဒေသတွင်း တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့အတွက် အခြေခံစားသောက်ကုန်တွေ သယ်ယူခွင့်မရတော့ဘဲ၊ ဒေသတွင်းမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
“တိုက်ပွဲမဖြစ်ခင်ကတည်းက ကုန်စည်တွေ သယ်ယူဖို့ စစ်အုပ်စုက အရမ်းကန့်သတ်ထားတာ။ ကျွန်တော်တို့ နည်းလမ်းမျိုးစုံ သုံးပြီးတော့ သယ်ယူနေခဲ့ရတယ်။ အခု တိုက်ပွဲတွေဖြစ်တော့ လမ်းကြောင်းတွေပိတ်ပြီး ပိုဆိုးသွားတာပေါ့။ လုံးဝ ကုန်စည်အဝင်တွေ ရပ်တန့်သွားတယ်” လို့ မင်းတပ်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
စစ်ဘေးရှောင် ပြည်သူတွေအပါအဝင် ဒေသခံပြည်သူတွေဟာ ကုန်စည်စီးဆင်းမှု လုံးဝပြတ်တောက်နေတာကြောင့် ဆား၊ ဟင်းခတ်မှုန့်နဲ့ ငပိစတဲ့ အခြေခံစားသောက်ကုန်တွေကိုပင် ဝယ်ယူစားသုံးနိုင်ခြင်း မရှိတော့ဘဲ၊ ပြင်းထန်တဲ့ စားနပ်ရိက္ခာ ရှားပါးမှုဒဏ်ကို ရင်ဆိုင်ခံစားနေကြရတယ်လို့ သိရပါတယ်။
“ကုန်စည်တွေ ရောက်မလာတော့ ငပိ၊ ဆား၊ ဟင်းခတ်မှုန့်တွေက ပြတ်လပ်သွားတယ်။ တစ်ခါတလေ ဟင်းခတ်မှုန့်က ရှိပေမဲ့ ဆားက မရှိဘူး ဖြစ်နေတယ်။ စားသုံးဆီလည်း မရှိဘူး။ ဆား၊ ဟင်းခတ်မှုန့်၊ ငပိ စုံစုံလင်လင်နဲ့ မချက်ပြုတ်စားရတာတောင် ကြာလှပြီ။ လူတွေက ထမင်းဟင်း စားရတာလည်း ဘာအရသာမှ မရှိတော့ဘူး” လို့ ကန်ပက်လက်မြို့နယ် ဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်းဟာ မကွေးတိုင်း ယောဒေသဘက်ကနေ တင်သွင်းနေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို စစ်အုပ်စုက စစ်ကြောင်းထိုးပြီး တိုက်ပွဲတွေ ပြင်းထန်နေသလို၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုမှာ လုံးဝရပ်တန့်နေရတာ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – CJ
