လှိုင်သာယာမှာ  ၅၃၂ တပ်ရင်းက လူငယ်နှစ်ဦးကို ပေါ်တာဆွဲဖမ်းဆီး

Author CJ Platform
Categories
Published on Jun 25, 2026

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဇွန်လ ၂၄ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်က အလုပ်က ပြန်လာတဲ့ လူငယ်နှစ်ဦးကို အမှတ် ၅၃၂ ခြေမြန်တပ်ရင်းကနေ ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

ဘုရင့်နောင်အမှတ် (၁) တံတားအဆင်း တပ်ထိပ်မှတ်တိုင်အနီးမှာ အလုပ်က ပြန်လာတဲ့ လူငယ် ၂ ဦးကို စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“တပ်ထိပ်မှတ်တိုင်က ၅၃၂ တပ်နဲ့နီးတော့ ကားပေါ်ကဆင်းပြီး အိမ်ကို လမ်းလျှောက်ပြန်လာတဲ့အချိန် စစ်အုပ်စုရဲ့ လှည့်ကင်းကားက ဖမ်းဆီးသွားတာပါ။ အဖမ်းခံရတာက မရမ်းကုန်းမြို့နယ်မှာ အလုပ်ဆင်းနေတဲ့ လူငယ်နှစ်ယောက် ဖြစ်ပါတယ်” လို့ သူက ပြောပြပါတယ်။

 

ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးမှာ ရှမ်းချောင်းကျေးရွာမှာ နေထိုင်သူ တစ်ဦးနဲ့ အမှတ် ၁၉ ရပ်ကွက်မှာ နေထိုင်သူ တစ်ဦးဖြစ်တယ်လို့ ၁၉ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဖမ်းဆီးခံရတာက ၁၉ ရပ်ကွက် မန်းဘခိုင်လမ်းမှာနေတဲ့ ကောင်လေးနဲ့ ရှမ်းချောင်းကျေးရွာမှာ နေတဲ့ကောင်လေးပါ။ မိဘတွေကတော့ လိုက်လံစုံစမ်းနေကြတယ်။ စစ်ကြောရေးရော မြို့နယ်ရုံးတွေရော စာတင်ထားရတယ်” လို့ သူက ဆက်ပြောပါတယ်။

 

လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းမြို့နယ်တွေမှာ ရွှေ့ပြောင်းအလုပ်သမား အများစု နေထိုင်ကြတာကြောင့် အမှတ် ၅၃၂ ခြေမြန်တပ်ရင်း အပါအဝင် စစ်အုပ်စုလက်အောက်ခံ ရဲတွေက လူငယ်တွေကို မကြာခဏဆိုသလို ပေါ်တာဆွဲဖမ်းဆီးလေ့ရှိတယ်လို့လည်း မြို့ခံတွေက ပြောဆိုကြပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၆ ရပ်ကွက်၊ ဝါဝါဝင်းလမ်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်လူငယ်နှစ်ဦး အလုပ်သွားရင်း ပျောက်ဆုံးသွားတာကြောင့် မိသားစုဝင်တွေက လူမှုကွန်ရက်ပေါ်မှာ အကူအညီတောင်းခံထားရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်