မင်္ဂလာဒုံမှာ ကယ်ရီသမားတစ်ဦးကို ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယက်သွား

Author CJ Platform
Categories
Published on Jun 25, 2026

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကျောင်းကြီး ၄ လမ်းမှာ ဇွန်လ ၂၄ ရက်နေ့ ည ၇ နာရီခွဲဝန်းကျင်က ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို အမျိုးသားနှစ်ဦးက ဓားနဲ့ ၄ ချက်ဆင့်ထိုးကာ ဆိုင်ကယ်လုယူသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

 

မနေ့ည ၇ နာရီခွဲအချိန်က ခရေပင်လမ်းခွဲမှာ ကယ်ရီမောင်းနှင်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ဆိုင်ကယ်ကို လုယက်သူနှစ်ဦးက ငှားရမ်းစီးနင်းခဲ့ပြီး၊ သင်္ဃန်းကျွန်းကြီးကျေးရွာ ကျောင်းကြီး ၄ လမ်းအရောက်မှာ ဓားနဲ့ထိုးကာ ဆိုင်ကယ်လုယက်ခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဆိုင်ကယ်ကယ်ရီသမားက အတင်းတောင်းပန်ပြီး ‘အစ်ကိုတို့ရယ် ဆိုင်ကယ်တော့ ယူပါ၊ လူကိုတော့ ဘာမှမလုပ်ပါနဲ့’ ဆိုတာကို ဓားနဲ့ လေးချက်ဆင့်ထိုးသွားတာ။ အူတွေပါ ထွက်ကျလာတယ်။ တော်သေးတာပေါ့၊ ဆေးရုံကို အချိန်မီရောက်သွားလို့ မသေဆုံးတာ” လို့ သူက ပြောပြပါတယ်။

 

ဓားနဲ့ထိုးခံရပြီးနောက် သွေးအိုင်ထဲမှာ လဲကျနေတဲ့ ဆိုင်ကယ်ကယ်ရီသမားကို စက်ရုံကပြန်လာတဲ့ အလုပ်သမားတွေက တွေ့ရှိပြီး စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က CJ Platform ကို ပြောပါတယ်။

 

“အုပ်ချုပ်ရေးကတစ်ဆင့် ပုလဲအရန်မီးသတ်အဖွဲ့ကို အကြောင်းကြားလို့ ပုလဲအရန်မီးသတ်အဖွဲ့က လူနာတင်ယာဉ်နဲ့ မေဓာဝီဆေးရုံကို ပို့ဆောင်ပေးခဲ့တာ။ အခုဓားနဲ့ထိုးခံရတဲ့ ကောင်လေးရဲ့ အခြေအနေကတော့ မစိုးရိမ်ရတော့ဘူးလို့ ကြားတယ်” လို့ သူက ဆက်ပြောပါတယ်။

 

လက်ရှိအခြေအနေအထိ စစ်အုပ်စုလက်အောက်ခံ မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဓားနဲ့ထိုးပြီး ဆိုင်ကယ်လုယက်သွားသူ နှစ်ဦးကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သူက ပြောပါတယ်။

 

ဓားအမြဲတမ်း ဆောင်ထားတတ်တဲ့ လုယက်သမားတွေဟာ ဆိုင်ကယ်ကယ်ရီသမားတွေ၊ ဘေးတွဲမောင်းနှင်သူတွေနဲ့ စက်ရုံအလုပ်သမားတွေကို ပစ်မှတ်ထားပြီး လူအသွားအလာ ရှင်းလင်းတဲ့ နေရာတွေမှာ လုယက်လေ့ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျောင်းကြီး ၄ လမ်းဆိုတာ လူပြတ်တဲ့နေရာ။ လုယက်တဲ့သူတွေက အဲဒီလို လူပြတ်တဲ့နေရာတွေကိုပဲ ရွေးပြီးလုတာ။ ညီမအဖေဆိုရင် ရခိုင်ကျောင်းမှတ်တိုင်အကျော်မှာ ဖုန်းအလုခံရတယ်။ မအော်ရဲဘူး၊ ဓားနဲ့ထိုးမှာ စိုးလို့။ ဓားနဲ့မိတဲ့သူတွေကို စစ်အုပ်စုရဲ့ ရဲစခန်းက ပိုက်ဆံရတိုင်း ပြန်လွှတ်ပေးနေတော့ ပြည်သူတွေပဲ အသက်ပေးနေရတာ” လို့ သူက ဝေဖန်ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ အမျိုးသား ၉ ဦးကို ဓား ၁၁ ချောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့ပေမဲ့လည်း၊ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က လက်နက်ကိုင်ဆောင်မှုနဲ့သာ အရေးယူပြီး လုယက်မှုဖြစ်စဉ်တွေကို ထပ်မံစစ်ဆေးတာမျိုး မရှိဘူးလို့ သိရပါတယ်။

 

ဓာတ်ပုံ – Htin Lin Aung