ဂွမြို့ကို စစ်အုပ်စုက ဗုံးထပ်မံကြဲချလို့ ဒေသခံ ၄ ဦး ဒဏ်ရာရရှိ

Author CJ Platform
Categories
Published on Jun 24, 2026

အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ဂွမြို့ကို မနေ့က ဇူလိုင် ၂၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒဏ်ရာရရှိခဲ့သူတွေကတော့ ဂွမြို့၊ ကံ့ကော်တောင်ကျေးရွာက အသက် ၆၀ နှစ်အရွယ် ဦးကျော်ဝင်း၊ အသက် ၅၂ နှစ်အရွယ် ဦးချစ်ဆွေ၊ အသက် ၅၅ နှစ်အရွယ် ဒေါ်လှကေသီနဲ့ အသက် ၁၉ နှစ်အရွယ် မနှင်းသဇင်ထွေးတို့ ဖြစ်ကြပါတယ်။

 

ကံ့ကော်တောင် ရပ်ရွာလူကြီးတစ်ဦးက “စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို အဓိကထားပြီး လာချတာပါ။ ဒါဟာ စစ်ရေးနဲ့ ဘာမှမဆိုင်တဲ့နေရာတွေ၊ မလုပ်သင့်မလုပ်ထိုက်တဲ့ နေရာတွေပဲ။ အခုရက်ပိုင်းအတွင်း လေယာဉ်တွေ တအားဝဲနေတယ်။ ကင်းထောက်လေယာဉ်တွေဆိုတာလည်း နေ့ရောညပါ ရှိနေတော့ အလိုလိုနေရင်း ဘယ်အချိန်သေမလဲဆိုတာပဲ တွေးနေရတယ်” လို့ ပြောပြပါတယ်။

 

ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာတွေဟာ ကံ့ကော်တောင်ကျေးရွာရဲ့ ခရစ်ယာန်ဘုရားကျောင်းအနီးနဲ့ စာသင်ကျောင်းအနီးတို့ ဖြစ်ပြီး၊ လူနေအိမ် ၂ လုံးနဲ့ မော်တော်ယာဉ် ၁ စီးလည်း ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ကလည်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်၊ ကျောက်တော်မြို့ကို စစ်အုပ်စုက လေယာဉ် ၃ စင်းနဲ့ ဗုံးအလုံးရေအများအပြား ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး၊ ဒေသခံအများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နေအိမ်နဲ့ ဈေးဆိုင်တွေပါ မီးလောင်ကျွမ်းပျက်စီးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – APM