ပုသိမ်မှာ သားအဖနှစ်ဦး ရထားတိုက်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးကာ သမီးဖြစ်သူ ဒဏ်ရာရ

Author CJ Platform
Categories
Published on Jun 24, 2026

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရွှေဝတ်မှုံ မီးရထားဘူတာရုံအနီးမှာ ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်က သားအဖနှစ်ဦး ရထားတိုက်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးကာ အသက် ၈ နှစ်အရွယ် သမီးငယ်လေး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သားအဖနှစ်ဦး မီးရထားဘူတာ သံလမ်းပေါ်မှာ ထိုင်နေစဉ်အတွင်း အစုန်ရထား ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပြီး၊ ဖခင်ဖြစ်သူဟာ အသက် ၈ နှစ်အရွယ် သမီးငယ်လေးကို ဘေးလွတ်ရာသို့ အမြန်ပစ်ထုတ် တွန်းဖယ်ပေးရင်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ညနေခင်း သံလမ်းမှာ သားအဖနှစ်ယောက် ထိုင်နေတဲ့အချိန် ရထားက ဥသြဆွဲပြီး ဝင်လာတာ။ ရထားလာတာကို သိသိချင်းပဲ သူတို့အဖေက သူ့သမီးလေးကို ဘေးလွတ်အောင် ချက်ချင်းတွန်းဖယ်လိုက်တဲ့အချိန် ရထားတိုက်မိပြီး ဆုံးသွားတာ။ ဖခင်မေတ္တာပေါ့ဗျာ။ သမီးလေးကတော့ ဒဏ်ရာပဲ ရလိုက်တယ်” လို့ သူက ရှင်းပြပါတယ်။

 

တိုက်မိခဲ့တဲ့ ရထားဟာ ကြံခင်းမြို့ကနေ ပုသိမ်မြို့သို့ ခုတ်မောင်းမောင်းနှင်လာတဲ့ အမှတ် ၁၈၂ အစုန်ရထား ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

ဒဏ်ရာရရှိခဲ့တဲ့ အသက် ၈ နှစ်အရွယ် ကလေးငယ်ကို မီးရထားဘက်က တာဝန်ရှိသူတွေက ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု ခံယူစေခဲ့ရာ၊ ဇွန်လ ၂၄ ရက်နေ့မှာတော့ ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း မီးရထားနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

#CJPlatform #ဧရာဝတီတိုင်း #ပုသိမ်မြို့ #ရထားတိုက်မှု #ဒေသတွင်းသတင်း