ဝေဘာဂီမြို့သစ်မှာ လင်မယားနှစ်ဦး အုပ်စုဖွဲ့ရိုက်နှက်ခံရပြီး ကားပါ မီးရှို့ဖျက်ဆီးခံရ
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ် အမှတ် ၂ ရပ်ကွက်၊ နဝရတ်လမ်းနဲ့ ပတ္တမြားလမ်းထောင့်မှာ နေထိုင်တဲ့ လင်မယားနှစ်ဦးကို ဇွန်လ ၂၃ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်က လူတစ်စုက ဝင်ရောက်ရိုက်နှက်ပြီး သူတို့ရဲ့ အိမ်စီးကားကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
မနေ့မနက် ၁၁ နာရီအချိန်က နဝရတ်လမ်းနဲ့ ပတ္တမြားလမ်းထောင့်မှာ နေထိုင်တဲ့ ဒေါ်အေးအေးဝင်းတို့ရဲ့ နေအိမ်ကို အမျိုးသား ၇ ဦး ရောက်ရှိလာပြီး၊ လင်မယားနှစ်ဦးစလုံးကို ရိုက်နှက်ကာ ကားကို မီးရှို့သွားတာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အိမ်အမှတ် ၂၂၀ မှာနေတဲ့ ဒေါ်အေးဝင်းတို့အိမ်ကို လူမိုက်တွေ ရောက်လာပြီး အိမ်ထဲက ပစ္စည်းတွေလည်း လိုက်လံဖျက်ဆီး၊ လင်မယားနှစ်ယောက်စလုံးကိုလည်း ရိုက်နှက်ကြတယ်။ ပြန်ခါနီးကျတော့ အိမ်စီးကားကိုပါ မီးရှို့သွားကြတာ။ အဲဒီလို ဖြစ်နေတဲ့အချိန် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရော ရဲတွေရော တစ်ယောက်မှ ရောက်မလာဘူး” လို့ သူက ပြောပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ငွေကြေးကိစ္စ အရှုပ်အရှင်းကြောင့် လူမိုက်တွေက အကြွေးလာရောက် တောင်းခံရာကနေတစ်ဆင့် ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပေမဲ့လည်း၊ CJ Platform သတင်းဌာနအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အခင်းဖြစ်ပွားပြီးနောက်ပိုင်းမှ စစ်အုပ်စုလက်အောက်ခံ ဝေဘာဂီနယ်မြေရဲစခန်းက တာဝန်ရှိသူတွေ ရောက်ရှိလာခဲ့ပေမဲ့လည်း ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ကလည်း မြောက်ဒဂုံမြို့နယ် ပင်လုံလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပရိဘောဂဆိုင်တစ်ဆိုင်ကို လူတစ်စုက ဝင်ရောက်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းတွေကို ရိုက်နှက်ဖျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ်မျိုးလည်း ရှိခဲ့ဖူးပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
