အမရပူရမှာ ၆ တန်းကျောင်းသားက အတန်းဖော်ကို ဓားနဲ့ ထိုးသတ်
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာမှာ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းက ၆ တန်းကျောင်းသားတစ်ဦးက အတန်းဖော်ကျောင်းသားတစ်ဦးကို ဓားနဲ့ ထိုးသတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က ကျောင်းထမင်းစားကျောင်းဆင်းချိန်မှာ ၆ တန်းကျောင်းသားတစ်ဦးကို အတန်းဖော်ကျောင်းသားတစ်ယောက်က လည်ပင်းကို ဓားနဲ့ ထိုးသတ်လိုက်တာ ဖြစ်တယ်လို့ ရွာခံတစ်ယောက်က CJ Platform ကို ပြောပါတယ်။
“ကျောင်းထမင်းစားဆင်းတော့ ကျောင်းရှေ့ ဓာတ်တိုင်နားမှာ ၆ တန်းကျောင်းသားတစ်ယောက်က သူ့အတန်းဖော်ရဲ့ လည်ပင်းကို ဓားနဲ့ ထိုးသွားတာ။ သိသိချင်း ဆေးရုံကို ပို့ပေးခဲ့ပေမဲ့လည်း လမ်းခုလတ်မှာတင် ဆုံးသွားရှာတယ်” လို့ သူက ပြောပါတယ်။
သေဆုံးသွားသူဟာ မောင်ထက်ထူးအောင် ဖြစ်ပြီး၊ ဓားနဲ့ ထိုးသတ်ခဲ့သူဟာ မောင်မောင်တိုး ဖြစ်ကာ နှစ်ဦးစလုံးဟာ ၆ တန်းကျောင်းသားတွေ ဖြစ်ကြပြီး ယာဉ်တော်စံကျေးရွာမှာ နေထိုင်သူတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“သေဆုံးတဲ့ကလေးက အသက် ၁၅ နှစ်၊ ဓားနဲ့ ထိုးသတ်တဲ့ကလေးက ၁၄ နှစ်။ ၆ တန်းတက်နေတဲ့ ကလေးတွေပေါ့။ နှစ်ယောက်စလုံး ယာဉ်တော်စံရွာမှာ နေတဲ့သူတွေပါ။ ဓားနဲ့ ထိုးတဲ့ကလေးကိုတော့ ရဲစခန်းက ခေါ်ယူစစ်ဆေးနေတယ်” လို့ ကျောင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ၆ တန်းကျောင်းသား မောင်မောင်တိုးကို စစ်အုပ်စု လက်အောက်ခံ အမရပူရမြို့နယ် ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကျောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အမရပူရမြို့နယ်၊ မြစ်ငယ်အထက်တန်းကျောင်းမှာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးက ဓားနဲ့ ဝင်ရောက်ထိုးနှက်ခဲ့တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၃ ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
