စစ်အုပ်စု ထိန်းချုပ်ထားတဲ့ တွန်းဇံမှာ ကျောင်းတွေ ပြန်ဖွင့်ဖို့ တစ်ရွာကို ငွေကျပ် သိန်း ၃၀ စီ ကောက်ခံဖို့ စီစဉ်နေ
ချင်းပြည်၊ တွန်းဇံမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပြီးနောက် ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကျေးရွာတစ်ရွာကို ငွေကျပ် သိန်း ၃၀ စီ ကောက်ခံသွားမယ်လို့ စစ်အုပ်စုရဲ့ ပညာရေးအသိုင်းအဝန်းတွေဆီက သိရပါတယ်။
တွန်းဇံမြို့မှာ အခုနှစ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံစာသင်ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ကျောင်းအတွက် လိုအပ်တဲ့ ကုန်ကျစရိတ်တွေအတွက် အခုလို တစ်ရွာကို ငွေကျပ် သိန်း ၃၀ စီ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“မြို့နယ်ပညာရေးမှူးက ကျောင်းတွေ ပြန်ဖွင့်ဖို့ တစ်ရွာကို ငွေကျပ် သိန်း ၃၀ စီ ကောက်ခံမယ်လို့ ပြောပါတယ်။ ဒါဟာ ကျောင်းအတွက် လိုအပ်တဲ့အရာတွေ အသုံးပြုဖို့လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ကောက်ခံမယ့်အချိန်ကျမှ ပြောမယ်လို့ ပြောတယ်” လို့ တွန်းဇံမြို့နယ် ပညာရေးဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီငွေကြေး ကောက်ခံမယ့် သတင်းတွေဟာ ပြီးခဲ့တဲ့ တွန်းဇံမြို့ကို စစ်အုပ်စုက ပြန်လည်သိမ်းပိုက်ပြီးနောက် ကျောင်းတွေ ပြန်ဖွင့်ဖို့ စီစဉ်နေကြတဲ့ အချိန်မှာ ဒေသခံတွေကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ကျောင်းသားမိဘတွေက သူတို့ရဲ့ သားသမီးတွေ ကျောင်းပြန်တက်ဖို့ လိုလားနေကြပေမဲ့လည်း၊ မြို့နယ်ပညာရေးမှူးရဲ့ တစ်ရွာကို ငွေကျပ် သိန်း ၃၀ စီ ကောက်ခံမယ့်အပေါ်မှာ စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။
“စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ငွေကောက်မယ်ဆိုတာ ရွာက ဆရာ၊ ဆရာမတွေဆီက ကြားတယ်။ ကိုယ့်ရဲ့ သားသမီးတွေ ကျောင်းတက်ဖို့ ကျောင်းတွေ ပြန်ဖွင့်စေချင်တယ်။ ဒါပေမဲ့ ငွေကောက်ခံမယ်ဆိုတော့ အခက်အခဲတော့ ရှိတယ်။ အဲဒီအပေါ်မှာ စိုးရိမ်မှုတော့ ရှိတယ်။ အခုက အလုပ်မရှိတော့ ဝင်ငွေလည်း မရှိဘူး။ ကိုယ့်စားဝတ်နေရေးတောင် အဆင်မပြေတဲ့ ကာလပါ” လို့ တွန်းဇံဒေသခံတစ်ဦးက CJ Platform ကို ပြောပြပါတယ်။
လက်ရှိမှာ စစ်အုပ်စုနဲ့အတူ သူတို့လက်အောက်ခံ မြို့နယ်ပညာရေးမှူးနဲ့ ပညာရေးဝန်ထမ်းတွေဟာ ကျောင်းတွေ အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ အားတက်သရော ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာ အသီးသီးက ဝန်ထမ်းတွေလည်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြသလို၊ ဝန်ထမ်းတွေ ပြန်လာနိုင်ရေးအတွက်ကိုလည်း စစ်အုပ်စုက မော်တော်ယာဉ်တွေ စီစဉ်ပေးတာနဲ့ လုံခြုံရေးတွေ ဆောင်ရွက်ပေးတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ချင်းလဲန်းကောင်စီ (CC) ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့ကို စစ်အုပ်စုက ထိုးစစ်ဆင်ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်နေ့က ပြန်လည်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro-SAC
