ပဟိကလော်စစ်ရှောင်စခန်းမှာ အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေ
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်ရှိ ပဟိကလော်စစ်ရှောင်စခန်းမှာ ဆန်၊ ဆီ၊ ဆား အစရှိတဲ့ အခြေခံစားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စခန်းတွင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။
လက်ရှိအချိန်မှာ စခန်းအတွင်းကို လာရောက်လှူဒါန်းတဲ့ အလှူရှင်တချို့ ရှိနေပေမဲ့လည်း၊ စစ်ဘေးရှောင်ပြည်သူဦးရေနဲ့စာရင် ရိက္ခာလုံလောက်မှု မရှိသေးဘူးလို့ စခန်းတာဝန်ရှိသူက ဆိုပါတယ်။
“စခန်းမှာက လူနည်းသွားတယ်ဆိုတာမျိုး မရှိပါဘူး။ တစ်နေ့ထက်တစ်နေ့ ပိုပြီးများလာတာပဲ ရှိပါတယ်။ လွန်ခဲ့တဲ့ ၆ လလောက်က အလှူရှင် လုံးဝမရှိခဲ့ဘူး။ အခုလက်ရှိမှာတော့ အလှူရှင်ရှိတယ်ဆိုပေမဲ့လည်း ရိက္ခာက လုံလောက်မှုမရှိပါဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် စခန်းတွင်းမှာ စနစ်တကျ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ အခြေအနေမရှိသလို၊ နေထိုင်မကောင်းဖြစ်ရင်လည်း မိမိတို့ကိုယ်ပိုင်ငွေကြေးနဲ့သာ ဆေးဝါးတွေကို ဝယ်ယူနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ဆိုပါတယ်။
“ဒီမှာက ဆေးဆိုင်တော့ ရှိတယ်။ လေးကေ့ကော်က ဆရာမတစ်ဦးက လာဖွင့်ထားတာ။ အခမဲ့ကုသပေးမယ့် အလှူရှင်အဖွဲ့အစည်းမရှိတော့ နေမကောင်းဖြစ်ရင် ကိုယ့်ဘာသာကိုယ် ပိုက်ဆံပေးပြီး ဆေးဝါးဝယ်ယူနေရတာပေါ့” လို့ သူက ရှင်းပြပါတယ်။
စခန်းတာဝန်ရှိသူရဲ့ ပြောပြချက်အရ အလှူရှင်မရှိတဲ့ အချိန်ကာလတွေမှာ စစ်ဘေးရှောင်ပြည်သူတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့သာ အခက်အခဲကြားက နေထိုင်စားသောက်ခဲ့ကြရတာ ဖြစ်ပါတယ်။
စခန်းတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ ပန်းရံလုပ်ငန်းခွင်တွေကနေ အလုပ်သမားလိုအပ်လို့ လာရောက်ခေါ်ယူချိန်တွေမှာ လိုက်လံလုပ်ကိုင်ကြပေမဲ့လည်း၊ လက်ရှိအချိန်မှာတော့ အလုပ်ခေါ်ယူတာမျိုးမရှိတာကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေး ပိုမိုကျပ်တည်းနေကြတယ်လို့ သိရပါတယ်။
ပဟိကလော်စစ်ရှောင်စခန်းမှာ လေးကေ့ကော်မြို့သစ်က စစ်ဘေးရှောင်ပြည်သူတချို့အပြင်၊ ထီးမယ်ဝါးခီးကျေးရွာနဲ့ ရေပူကျေးရွာက ဒေသခံပြည်သူတွေပါ စုပေါင်းခိုလှုံနေထိုင်ကြတာ ဖြစ်ပါတယ်။
လက်ရှိ ပဟိကလော်စစ်ရှောင်စခန်းမှာ ခိုလှုံနေရတဲ့ အိမ်ထောင်စု ၇၁ စုရှိပြီး၊ စုစုပေါင်း လူဦးရေ ၂၄၄ ဦးအထိ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဓာတ်ပုံ – ပေးပို့
