စက်သုံးဆီဈေးနဲ့ စိုက်ပျိုးစရိတ် ခေါက်ချိုးနီးပါး မြင့်တက်မှုကြောင့်  စစ်ကိုင်းက လယ်သမားတွေ အကျပ်အတည်းဖြစ်နေ

Author CJ Platform
Categories
Published on Jun 24, 2026

စစ်ကိုင်းတိုင်းအတွင်း  စက်သုံးဆီနဲ့ စိုက်ပျိုးစရိတ်တွေ ခေါက်ချိုးနီးပါး မြင့်တက်လာမှုနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေကြောင့် နယ်မြေမအေးချမ်းခြင်းနဲ့ ဆည်မြောင်းပျက်စီးမှုတွေကြောင့် အခုနှစ် မိုးစပါးနဲ့ မိုးသီးနှံတွေကို ထွန်ယက်စိုက်ပျိုးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

 

အဓိကအားဖြင့် ရွှေဘိုခရိုင်အတွင်းက လယ်သမားတွေဟာ သဖန်းဆိပ်ဆည် ရေသောက်စနစ်နဲ့ မိုးကောင်းသောက်စနစ်တို့ကို အသုံးပြုပြီး ရွှေဘိုပေါ်ဆန်း (ဘေးကြားစပါး)၊ ဧရာမင်း၊ မနောသုခနဲ့ မဂျမ်းတော စတဲ့ စပါးတွေကို အဓိက စိုက်ပျိုးကြပြီး၊ ယာခင်းတွေမှာလည်း မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံ၊ နေကြာနဲ့ ကြံစတဲ့ သီးနှံတွေကို စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

 

အခုနှစ် မိုးသီးနှံစုံ စုစုပေါင်း ဧက ၁၀၀,၀၀၀ ကျော် စိုက်ပျိုးဖို့ စစ်အုပ်စုရဲ့ စိုက်ပျိုးရေးဦးစီးဌာန စာရင်းတွေအရ လျာထားပေမဲ့လည်း မြေပြင်မှာတော့ တောင်သူတွေဟာ စိုက်ပျိုးစရိတ် အဆမတန် ကြီးမြင့်မှုဒဏ်ကို အလူးအလဲ ခံနေကြရပါတယ်။

 

စိုက်ပျိုးစရိတ် မြင့်တက်လာပုံနဲ့ ပတ်သက်ပြီး တန့်ဆည်မြို့နယ်က ဒေသခံလယ်သမား တစ်ဦးက “အခုနှစ်စိုက်ပျိုးတာတွေက ဆုတ်ယုတ်တယ်။ အီရန်-အမေရိကန်စစ်ပွဲ စကတည်းက ဆီဈေးတက်ပြီး ထွန်စက်ခုတ်ခတွေ ရေတင်ခတွေ အကုန်ဈေးကြီးသွားတာဆိုတော့လေ။ ရိတ်ချိန်ကျရင်လည်း အရင်တုန်းက လယ်တစ်ကွက်ကို ကျပ် ၁၂၀,၀၀၀ ပေးရတယ်၊ မနှစ်ကတင်ကို ကျပ် ၂၀၀,၀၀၀ ဖြစ်သွားတယ်၊ စပါးရိတ်စက်ကို ပေးရတဲ့ဟာပေါ့” လို့ CJ Platform ကို ပြောပါတယ်။

 

လက်ရှိမှာ လယ်ယာသုံးစက်ယန္တရားတွေအတွက် စက်သုံးဆီ တစ်လီတာကို ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၁၁,၀၀၀ အထိ ရှိနေပြီး၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲရင် ခက်ခဲသလို ဈေးနှုန်းကွာဟမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ စိုက်ပျိုးရေးကဏ္ဍနဲ့ စက်သုံးဆီဈေးက ပြောင်းပြန်အချိုးကျနေပြီး ဆီဈေးနည်းမှ တောင်သူတွေ အဆင်ပြေမှာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

 

ဒါ့အပြင် ရွှေဘိုမြို့နယ်အတွင်းမှာလည်း မိုးသီးနှံစိုက်ပျိုးမှုတွေအတွက် ထွန်ယက်နေကြပြီး၊ လယ်သမားတွေအနေနဲ့ စပါးစိုက်ပျိုးဖို့ မြေထွန်ယက်ခအတွက်တင် တစ်ဧကကို ကျပ် ၂၀၀,၀၀၀ ခန့်အထိ ကုန်ကျမယ့် အခြေအနေရှိနေတယ်လို့ ဆိုကြပါတယ်။

 

ရွှေဘိုမြို့နယ်က ဒေသခံလယ်သမား တစ်ဦးက “ထွန်စက်ခတွေက ဆီဈေးကြီးတော့ ဈေးများတယ်။ စပါးစိုက်ဖို့ ထွန်စက်မောင်းခကတော့ တစ်ဧက ကျပ် ၁၃၀,၀၀၀၊ နွားတစ်ယှဉ်ကို မနက် ရေဒီယို ခုနစ်နာရီကနေ ၁၁ နာရီအထိ ငှားခက ကျပ် ၄၀,၀၀၀ ရှိတယ်။ လယ်သမားတွေ စိုက်ပျိုးဖို့ မြေထွန်ယက်ခက ထွန်စက်ခုတ်ပြီးရင်လည်း နွားနဲ့ ထပ်ပြီး ထွန်ယက်ရသေးတာ” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေက စိုက်ပျိုးထွန်ယက်ရာမှာ ထွန်စက်ခ ကျပ် ၉၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့လည်း အခုအခါမှာ ဆီဈေးအပြောင်းအလဲတွေနဲ့ ဝယ်ယူရခက်ခဲမှုတွေကြောင့် အခုလို ဈေးနှုန်းမြင့်တက်လာတာ ဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာလည်း စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေးအခြေအနေတွေနဲ့ ဆည်မြောင်းပျက်စီးမှုတွေကို ပြင်ဆင်နိုင်ခြင်း မရှိတာကြောင့် မိုးစပါးပျိုးထောင်ဖို့ စိုက်ပျိုးရေရရှိရေးကို ဒေသခံလယ်သမားတွေက စိုးရိမ်ပူပန်နေကြပါတယ်။

 

အရာတော်မြို့နယ်က ဒေသခံတစ်ဦးက “အခုထိ တောင်သူတွေက ဆုံးဖြတ်ချက်မချရသေးဘူးဗျ။ လယ်ဆက်လုပ်လို့ ရေမရရင် ဆီဈေးကလည်း ကြီးဆိုတော့ ဆုံးဖြတ်ချက် ကောင်းကောင်းမချနိုင်သေးတာပေါ့” လို့ လယ်ယာစိုက်ပျိုးရေး အခက်အခဲကို ပြောပြပါတယ်။

 

လက်ရှိမှာ ရွှေဘိုခရိုင်နဲ့ အရာတော်မြို့နယ်အတွင်းက လယ်သမားတွေအနေနဲ့ ဆီဈေးကြီးမြင့်မှုနဲ့ စိုက်ပျိုးရေ မရရှိနိုင်တဲ့ စိုးရိမ်စိတ်တွေကြောင့် စိုက်ပျိုးရာသီအစမှာတင် အကျပ်အတည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့