မှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး ဝန်ထမ်းနဲ့ ပွဲစား နှစ်ရာနီးပါးကို အရေးယူထားတယ်လို့ လဝက ထုတ်ပြန်

Author CJ Platform
Categories
Published on Jun 22, 2026

မှတ်ပုံတင်၊ သန်းခေါင်စာရင်းတို့နဲ့ ပတ်သက်ပြီး မမှန်မကန် ဆောင်ရွက်နေတဲ့ လဝကဝန်ထမ်းနဲ့ ပွဲစား နှစ်ရာနီးပါးကို အရေးယူထားတယ်လို့ စစ်အုပ်စုရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။

 

ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားချက်အရ လဝကဝန်ကြီးဌာနဟာ မတရားစစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်း အရာထမ်း ၃၀ ဦး၊ အမှုထမ်း ၄၈ ဦး၊ ပွဲစား ၁၀၁ ဦး စုစုပေါင်း ၁၇၉ ဦးကို အရေးယူထားတယ်လို့ သိရပါတယ်။

 

ဒီလို အရေးယူထားတဲ့ ၁၇၉ ဦးထဲမှာ ပွဲစား ၃၂ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ကျန်တဲ့ ၆၉ ဦးကို တရားစွဲဆိုထားတယ်လို့ ဖော်ပြထားပေမဲ့၊ လဝကဝန်ထမ်းတွေကိုတော့ ဘယ်လိုဥပဒေနဲ့ အရေးယူထားတယ်ဆိုတာ ဖော်ပြထားတာ မတွေ့ရပါဘူး။

 

မှတ်ပုံတင်ပြုလုပ်ရာမှာ လဝကရုံးက ငွေကြေးတောင်းခံတဲ့ ကိစ္စတွေကို ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေမှာ ဖော်ပြပြီးနောက် အခုလို တရားဝင် ထုတ်ပြန်လာတာဖြစ်ပြီး၊ ငွေကြေးတောင်းခံမှု သတင်းတွေကို လဝကဘက်က အမြဲတစေ ငြင်းဆန်လေ့ရှိတယ်လို့ မှတ်ပုံတင်ပြုလုပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“လဝကရုံးဘက်က ငွေတောင်းရင် တိုင်လို့ရတယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ ရုံးမှာ ကင်မရာနဲ့ မှတ်တမ်းတင်ခွင့်မပြုဘူး။ အဲဒီလို မှတ်တမ်းတင်လို့ရမှ ဘယ်တိုက်နယ်မှူးက ဘယ်လောက်တောင်းတယ်၊ ဘယ်ပွဲစားနဲ့ ပေါင်းစားတယ်ဆိုတာ သက်သေနဲ့တကွ တိုင်လို့ရမှာပေါ့။ အခုက တိုင်မယ်ဆိုရင်တောင် ပြည်သူလူထုမှာ သက်သေအထောက်အထားမရှိတော့ တိုင်လို့မရဘူး။ ဒါတောင် လွှတ်တော်မှာမေးလို့ ဝန်ကြီးက ပြန်ဖြေရင်း ထုတ်ပြန်ချက်ထွက်လာတာ” လို့ သူက ဝေဖန်ပြောဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့နဲ့ ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်တဲ့ စစ်အုပ်စုရဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရှမ်းပြည်က လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ စိုင်းအောင်မြင့်နဲ့ စိုင်းဝင်းခိုင်တို့က မှတ်ပုံတင်နံပါတ် ထပ်နေတဲ့ကိစ္စ၊ ငွေကြေးတောင်းခံတဲ့ ကိစ္စတွေကို မေးမြန်းရာမှာ စစ်အုပ်စုရဲ့ လဝကဝန်ကြီး ဦးမြင့်ကြိုင်က ပြန်လည်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

 

လဝကဝန်ကြီးဌာနဘက်က မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပြုလုပ်ရာမှာ ငွေကြေးပေးဆောင်ရခြင်း မရှိဘူးလို့ ငြင်းဆိုနေပေမဲ့လည်း၊ လက်တွေ့မြေပြင်မှာတော့ ပြည်သူတွေဟာ မှတ်ပုံတင်တစ်ခုရဖို့အတွက် ငွေကြေးသိန်းနဲ့ချီ ပေးဆောင်နေရတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro-sac