အောင်မင်္ဂလာအဝေးပြေးက လူခေါ်ပွဲစားခေါင်းဆောင်နှစ်ဦးကို မင်္ဂလာဒုံရဲစခန်းက ခံဝန်နဲ့ ပြန်လွှတ်
ရန်ကုန်တိုင်း၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲက လူခေါ်ပွဲစားခေါင်းဆောင်ဆိုသူ ကိုဇော်လင်းထွန်း (ခ) တာတီးနဲ့ ကိုချစ်သား (ခ) စိုးသီဟ တို့ကို မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ခြေချုပ်ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ယာဉ်မောင်းတွေဆီက သိရပါတယ်။
လူခေါ်ပွဲစားလူမိုက်နှစ်ဦးကို အဝေးပြေးကားဝင်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လုယက်မှုကိစ္စတွေကို စစ်ဆေးခြင်းမရှိဘဲ မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ခြေချုပ်ခံဝန်လုပ်ကာ ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ယာဉ်မောင်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“တာတီးနဲ့ ချစ်သားကို မင်္ဂလာဒုံရဲစခန်းက ခြေချုပ်ခံဝန်လုပ်လိုက်တယ်။ ခြေချုပ်ခံဝန်ဆိုတာ ၁၅ ရက်တစ်ကြိမ် ရဲစခန်းမှာ လက်မှတ်သွားထိုးရုံပဲ၊ ထောင်မကျဘူး။ အရှင်းဆုံးပြောရရင် ပိုက်ဆံယူပြီး ပြန်လွှတ်ပေးလိုက်တာပေါ့။ ကားဝင်းထဲမှာ ဒီကောင်တွေ ဘယ်နေ့လာပြီး ပြဿနာရှာမလဲဆိုတာ တွေးပြီး စိတ်ပူနေရတယ်” လို့ သူက ပြောပါတယ်။
အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲမှာ အငှားယာဉ်တွေနဲ့ ခရီးသည်တွေဆီကနေ ခြိမ်းခြောက်ငွေတောင်းနေတဲ့ လူခေါ်ပွဲစားခေါင်းဆောင်ဆိုသူ ကိုတာတီး (ခ) ဇော်လင်းထွန်းနဲ့ ကိုချစ်သား (ခ) စိုးသီဟတို့ကို မေလ ၉ ရက်နေ့ နေ့လယ်ပိုင်းက မင်္ဂလာဒုံမြို့နယ်ရဲစခန်းက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဇွန်လ ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ လူခေါ်ပွဲစား ၉ ဦးကို ဓား ၁၁ ချောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ သတင်းကိုလည်း မင်္ဂလာဒုံမြို့နယ်ရဲစခန်းက စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းဌာနသို့ သတင်းအမှားဖြစ်ကြောင်း ပြောဆိုကာ ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ယာဉ်လိုင်းနဲ့နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အောင်မင်္ဂလာအဝေးပြေးဝင်းထဲမှာ လူခေါ်ပွဲစားတွေ မရှိဘူးဆိုပြီး မင်္ဂလာဒုံမြို့နယ်မှူးက ပြောတယ်။ ဓား ၁၁ ချောင်းဖမ်းမိတဲ့ သတင်းကလည်း အမှားလို့ပြောတယ်။ အဲဒါဆို မှုခင်းကထုတ်ပြန်တဲ့ ဓာတ်ပုံမှတ်တမ်းတွေက လိမ်တာပေါ့။ အမှန်တော့ ဓား ၁၁ ချောင်းမိတဲ့သူတွေပါ ရဲစခန်းက လွှတ်ပေးဖို့ လုပ်နေတာ။ ဒါကြောင့် လုယက်မှုတွေ မပပျောက်တာ” လို့ သူက ဝေဖန်ပြောဆိုပါတယ်။
မတရားစစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကစတင်ကာ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ ဒဂုံဧရာအဝေးပြေးကားဝင်းထဲက လူခေါ်ပွဲစားလုပ်ငန်းကို လူမိုက်တွေက စစ်အုပ်စုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
