အောင်မင်္ဂလာအဝေးပြေးက လူခေါ်ပွဲစား ၉ ဦးကို ဓား ၁၁ ချောင်းနဲ့ ဖမ်းမိ
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အောင်မင်္ဂလာအဝေးပြေးဝင်းထဲက လူခေါ်ပွဲစား ၉ ဦးကို ဓား ၁၁ ချောင်းနဲ့အတူ စစ်အုပ်စုလက်အောက်ခံရဲတွေက ဇွန် ၁၆ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း ဖမ်းဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ဇွန်လ ၁၉ ရက်နေ့ ည ၈ နာရီက ဇေကမ္ဘာစက်မှုဇုန်အထွက်မှာ လူခေါ်ပွဲစားဖြစ်သူ ကိုသိုက်ထွန်းနဲ့ ကိုအသေးလေးတို့ကို ဓား ၄ ချောင်းနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ကားဝင်းအတွင်း နေထိုင်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ကလေးမလေးတစ်ယောက်ဆီက ကားခနဲ့ ဖုန်းတွေ လိမ်ယူသွားလို့ ရဲတွေက လိုက်ရှာတာ ဇေကမ္ဘာထဲမှာ မိသွားတယ်။ ရဲတွေဖမ်းမိတဲ့အချိန်မှာ လွယ်အိတ်ထဲမှာ တစ်ယောက်ကို ဓား ၂ ချောင်းစီ တွေ့ရတယ်။ ဇေကမ္ဘာထဲမှာ လုယက်နေတာ ဒီကောင်တွေပဲ ဖြစ်မယ်” လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဈ ရပ်ကွက် ဈေးပတ်လမ်းထိပ်မှာလည်း ဇွန်လ ၁၈ ရက်နေ့က ကိုသက်ပိုင်ထွန်းဆိုသူကို လွယ်အိတ်ထဲမှာ ဓား ၁ ချောင်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
အလားတူပင် ဇွန်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီက မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာမှာ ကိုအောင်မြတ်ကျော်၊ ကိုဇင်၊ ကိုစောသက်ခိုင်၊ ကိုအေးမင်းလှိုင်၊ ကိုကျော်ကျော် (ခ) အောင်ဝမ်းနဲ့ ကိုသန်းမင်းထွန်းတို့ကို ဓားအတိုအရှည် မျိုးစုံ ၆ ချောင်းနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“သတင်းအတိအကျရလို့ ဖြစ်မယ် ဝင်ဖမ်းတာ။ မိတဲ့သူတွေက အောင်မင်္ဂလာအဝေးပြေးဝင်းက လူခေါ်ပွဲစားတွေ။ ဓားတွေကတော့ အတိုအရှည်မျိုးစုံပဲ။ ထိထိရောက်ရောက် အရေးမယူဘဲ ခြေချုပ်ခံဝန်နဲ့ ပြန်လွှတ်ရင်တော့ လုယက်မှုတွေက ပိုပြီး ဆိုးလာမှာ” လို့ သူက ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၉ ဦးကို စစ်ကောင်စီလက်အောက်ခံရဲတွေက မြောက်ဥက္ကလာပ၊ မင်္ဂလာဒုံနဲ့ ရွှေပြည်သာရဲစခန်းတွေမှာ လက်နက်ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကလည်း စစ်အုပ်စုလက်အောက်ခံရဲတွေက လူခေါ်ပွဲစား တာတီး (ခ) ကိုဇော်လင်းထွန်းနဲ့ ချစ်သား (ခ) ကိုစိုးသီဟတို့ကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကစလို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းနဲ့ ဒဂုံဧရာအဝေးပြေးကားဝင်းထဲက လူခေါ်ပွဲစားလုပ်ငန်းတွေကို လူမိုက်တွေက စစ်တပ်နဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
