မြန်မာ့မြေပေါ်မြေအောက် သယံဇာတတွေကို အသုံးချကာ တရုတ်ရင်းနှီးမြှုပ်နှံမှုရဖို့ မင်းအောင်လှိုင်ဖိတ်ခေါ်

Author CJ Platform
Categories
Published on Jun 18, 2026

တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ ရှန်ဟိုင်းမြို့တော်ဝန် မစ္စတာ ကုန်းကျန့်နဲ့ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံရှိ မြေပေါ်မြေအောက် သယံဇာတတွေကို အခြေခံကာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

အဲဒီတွေ့ဆုံမှုအတွင်း မင်းအောင်လှိုင်က သူ့အနေနဲ့ တရုတ်နိုင်ငံကို လာရောက်ခြင်းဟာ နှစ်နိုင်ငံ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့၊ မြန်မာနိုင်ငံတွင်း ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေအပြင် ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံမှာ သယံဇာတ ပေါကြွယ်ဝတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု အောင်မြင်နိုင်မယ့် အခြေအနေကောင်းတွေ ရှိနေတာကြောင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီ တွေ့ဆုံပွဲကို စစ်အုပ်စုအဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဇော်ဝင်းမြင့်တို့ တက်ရောက်ခဲ့ကြပြီး၊ တရုတ်နိုင်ငံဘက်က ရှန်ဟိုင်းမြို့တော်ဝန်နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျား (Ms. Ma Jia) တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC