ရာထူးတိုးပွဲတွင် သိန်း ၇၀ ကြဲခဲ့တဲ့  ပြင်ဦးလွင်စီမံဥက္ကဋ္ဌကို အရေးယူမှုမရှိဘဲ စစ်ဆေးရေးအဖွဲ့က အမှုပိတ်သိမ်းပေး

Author CJ Platform
Categories
Published on Jun 15, 2026

ရာထူးတိုးပြောင်းရွှေ့ပွဲမှာ ငွေကျပ်သိန်း ၇၀ ကြဲချခဲ့မှုကြောင့် ဌာနတွင်း စုံစမ်းစစ်ဆေးခံခဲ့ရတဲ့ စစ်အုပ်စုရဲ့ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်ကို စစ်ဆေးရေးအဖွဲ့က “အရေးယူရန်မသင့်” ဟု ဆုံးဖြတ်ကာ ရာထူးဆိုင်းငံ့ခြင်းမရှိဘဲ အမှုပိတ်သိမ်းပေးလိုက်ကြောင်း ထွေအုပ်ရုံးချုပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့က လက်ထောက်ညွှန်ကြားရေးမှူးကနေ ဒုညွှန်ကြားရေးမှူး (ဒုခရိုင်အုပ်ချုပ်ရေးမှူး) အဖြစ် ရာထူးတိုးသွားတဲ့ ဦးတင်အောင်လွင်ဟာ နှုတ်ဆက်ပွဲမှာ တစ်သောင်းတန် ခုနစ်အုပ် စုစုပေါင်း ငွေကျပ်သိန်း ၇၀ ကို ဝန်ထမ်းတွေကို ကြဲချပေးခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီလို အပျော်လွန်ကာ ငွေကြဲချနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်သို့ ပျံ့နှံ့သွားခဲ့ပြီးနောက် ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့်၊ အထက်အရာရှိကြီးတွေကို မြေကွက်တွေနဲ့ ကန်တော့ကြေးတွေ ပေးဆောင်ထားတာကြောင့် အရေးယူခြင်းမရှိဘဲ လျှော်ပစ်လိုက်ခြင်းဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းကြား ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

 

“ထွေအုပ်ရုံးချုပ်နဲ့ အထက်အရာရှိတွေကို ဦးတင်အောင်လွင်က မြေကွက်တွေ လက်ဆောင်ပေး၊ ကန်တော့ကြေးတွေ များနေတော့ သူ့ကို အရေးမယူရဲကြတာလည်း ပါပါတယ်” လို့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ပြင်ဦးလွင်မြို့နယ်မှာ မြေယာဈေးနှုန်းတွေဟာ တစ်ကွက်ကို ငွေကျပ်သိန်းထောင်ချီ၊ သောင်းချီ တန်ကြေးရှိပြီး၊ မြို့နယ်စီမံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်တဲ့ လေးနှစ်တာကာလအတွင်း ဦးတင်မောင်လွင်ဟာ အလွန်အမင်း ချမ်းသာကြွယ်ဝလာခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။

 

လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးရဲ့ လစာမှာ ငွေကျပ်လေးသိန်းပင် မပြည့်ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်မှာ ပြင်ဦးလွင်သို့ ရောက်ရှိလာပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ ပူးပေါင်းကာ နိုင်ငံရေးပြစ်မှုနဲ့ နေအိမ်တွေ ချိတ်ပိတ်တဲ့ကိစ္စတွေ၊ မြေယာအငြင်းပွားမှုတွေနဲ့ လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းတဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ပြီး လက်မှတ်တစ်ချက်ထိုးရုံနဲ့ သိန်းရာနဲ့ချီကာ အဂတိလိုက်စားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ဦးတင်အောင်လွင်ဟာ ပြင်ဦးလွင်မြို့ရှိ “အဓိပတိချယ်ရီ ဗီလာ (Villa)” အိမ်ရာမှာ ၎င်းရဲ့ဇနီးဖြစ်သူ ဒေါ်သန္တာထွန်းအမည်နဲ့ လုံးချင်းအိမ်ကြီး ပိုင်ဆိုင်ထားတဲ့အပြင်၊ ပြင်ဦးလွင်တစ်ဝိုက်မှာလည်း မြေကွက်အများအပြား ပိုင်ဆိုင်ထားကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။

 

ဒါ့အပြင် ဦးတင်အောင်လွင်ဟာ သူ့ရဲ့ အခွင့်အာဏာတွေနဲ့ လာဘ်ထိုးမှုတွေကို အသုံးပြုကာ သားဖြစ်သူ ဦးဇင်ကိုလွင်ကိုလည်း ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ဒုတိယဦးစီးမှူးအဖြစ် ရာထူးထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

 

အခုလို သိသာထင်ရှားတဲ့ အဂတိလိုက်စားမှုတွေနဲ့ ပိုင်ဆိုင်မှုအထောက်အထားတွေ ရှိနေပေမယ့် ဌာနတွင်းစစ်ဆေးရေးအဖွဲ့က အရေးယူမှုမရှိဘဲ လွှတ်ပေးခဲ့ခြင်းအပေါ် ပြည်သူတွေအကြား ပြင်းထန်တဲ့ ဝေဖန်မှုတွေ မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC