မလေးရှားကနေ ပြန်ပို့ခံရသူတွေရဲ့ မိသားစုဝင်အချို့ ငွေလိမ်တောင်းခံရတာတွေရှိ
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွေကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေရဲ့ မိသားစုဝင်အချို့ ငွေလိမ်တောင်းခံရတာတွေ ရှိနေတယ်လို့ အဲဒီနိုင်ငံ ရောက်ရှိနေသူတွေနဲ့ ကွာလာလမ်ပူမြို့က စစ်အုပ်စုသံရုံးရဲ့ အသိပေးချက်တွေအရ သိရပါတယ်။
စစ်အုပ်စုသံရုံးက အခုရက်ပိုင်းအတွင်းမှာ ထိန်းသိမ်းရေးစခန်းတွေက လွတ်လာသူတွေကို လေကြောင်းခရီးစဉ်နဲ့ ပြန်ပို့ပေးနေတာဖြစ်ပြီး၊ တာဝန်ရှိသူမဟုတ်သူတွေက ပြန်ပို့မယ့်အုပ်စုထဲမှာပါတဲ့ သူတွေရဲ့ မိသားစုဝင်အချို့ဆီကနေ ငွေလိမ်လည်တောင်းခံတာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို ပြန်ပို့မယ့် အမျိုးသားတွေကို စစ်မှုထမ်းဖို့ ခေါ်ဆောင်မှာဖြစ်တယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး၊ စစ်မှုမထမ်းရအောင် ပိုက်ဆံနဲ့ လိုက်ရမယ်ဆိုကာ ငွေလိမ်တောင်းတာမျိုး ရှိနေတာဖြစ်တယ်လို့ မလေးရှားနိုင်ငံရောက် လူမှုကူညီရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးက ဆိုပါတယ်။
“ပြန်ပို့ခံရသူတွေရဲ့ အချက်အလက်ကို သိထားတဲ့သူတွေကပဲ တောင်းတာဖြစ်နိုင်တယ်။ သာမန်လူတွေထဲကတော့ မဟုတ်ဘူး။ ပိုက်ဆံသိန်း ဆယ်ဂဏန်းလောက်အထိ ညှစ်တယ်လို့ ပြန်ကြားရတာရှိတယ်” လို့ သူက ပြောပါတယ်။
စစ်အုပ်စုသံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဘယ်လိုပုံစံမျိုး လိမ်လည်တောင်းခံတယ်ဆိုတာကို အသေးစိတ် ဖော်ပြထားခြင်းမရှိပေမယ့်၊ ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ကိစ္စကို တာဝန်ရှိသူမဟုတ်သူတွေက မိသားစုဝင်တွေဆီ ငွေလိမ်တောင်းနေတယ်ဆိုတာ ကာယကံရှင်တွေဆီကနေတစ်ဆင့် ပြန်လည်သိရှိရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် မိသားစုဝင်တွေနဲ့ နီးစပ်ရာ အသိုက်အဝန်းတွေအနေနဲ့ သတိထား ဆောင်ရွက်နိုင်အောင် အသိပေးရတာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုသံရုံးက အခုရက်ပိုင်းတွေမှာ ထိန်းသိမ်းရေးစခန်းတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံသားမှန်ကန်မှု ရှိ၊ မရှိ စိစစ်နေပြီး၊ မှန်ကန်တဲ့သူတွေထဲကမှ ပြန်ချင်တဲ့ဆန္ဒရှိသူတွေကိုပဲ ပြန်ပို့ပေးနေတာလို့ ဆိုပါတယ်။
မိသားစုတွေ ကြိုတင်သိရှိနိုင်အောင်ဆိုပြီး ပြန်ပို့မယ့်သူတွေရဲ့ နာမည်စာရင်းကို ကြိုတင်ထုတ်ပြန်ပေးနေကာ၊ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြန်ပို့ပေးခဲ့သူ စုစုပေါင်း ၂၁၈ ဦး ရှိပြီဖြစ်ကြောင်း အဲဒီစာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – MOFA
