မိန်းမမွေးနေ့မှာ မွေးနေ့ကိတ်ထဲ သိန်း ၁၀၀ ထည့်ပြီး စပရိုက်လုပ်ခဲ့တဲ့ ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူး စစ်ဆေးခံရ
မိန်းမဖြစ်သူ မွေးနေ့မှာ မွေးနေ့ကိတ်ထဲ တစ်သောင်းတန် ၁၀ အုပ် (ငွေကျပ် သိန်း တစ်ရာ) ထည့်ပြီး မြို့နယ်ထွေအုပ်ရုံးထဲမှာ မွေးနေ့ကိတ်ခွဲခဲ့တဲ့ ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုး စစ်ဆေးခံနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူးရုံးထဲမှာ မိန်းမဖြစ်သူ မွေးနေ့ကို ဦးဇော်မိုးက မိသားစု၊ ဝန်ထမ်းတွေနဲ့အတူ ကျင်းပခဲ့ပြီး၊ မွေးနေ့ကိတ်ထဲမှာ ငွေကျပ် သိန်း ၁၀၀ ထည့်ထားတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပြီးနောက်ပိုင်း စစ်ဆေးခံရတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“မိန်းမမွေးနေ့မှာ တစ်သောင်းတန် အုပ်လိုက်ထည့်ပြီး သိန်း ၁၀၀ စပရိုက်လုပ်တယ်ဆိုကတည်းက မြို့နယ်အုပ်ချုပ်ရေးမှူးက ဘယ်လောက် ပိုက်ဆံရလဲဆိုတာ သိသာတယ်။ ဗီဒီယိုက ဘယ်တုန်းက ရိုက်ထားတယ်ဆိုတာ မသိရပေမယ့်၊ အခု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကို ပြည်နယ်အစိုးရက စစ်ဆေးနေတယ်” လို့ ၎င်းက ဆိုပါတယ်။
အဲဒီ ဗီဒီယိုဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇနီးဖြစ်သူ မွေးနေ့ပွဲ ကျင်းပစဉ် ဝန်ထမ်းတစ်ဦးက ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တာဖြစ်တယ်လို့ Non-CDM ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အဲဒီဗီဒီယိုက တင်ထားတာ ကြာပြီ။ အစက ကြည့်တဲ့သူလည်း မရှိဘူး။ ဆယ်လီတစ်ယောက်က မိန်းမကို မွေးနေ့မှာ သိန်းတစ်ရာ စပရိုက်တိုက်ခဲ့တဲ့ ဟဲဟိုးမြို့က အုပ်ချုပ်ရေးမှူးဆိုပြီး ပြန်တင်လိုက်တာကနေ လူကြည့်များပြီး ဝိုင်းဆဲ ဝိုင်းပြောကြလို့ စစ်ဆေးခံရတာ” လို့ သူက ရှင်းပြပါတယ်။
ဟဲဟိုးမြို့မှာ လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကနေ ဝင်ငွေကောင်းတာကြောင့် ပြောင်းရွှေ့ချင်ကြတဲ့ ဝန်ထမ်းတွေ များပြားနေတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
လက်ရှိမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးကို ပြည်နယ်အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးခုံရုံး (စုံခုံ) နဲ့ စစ်ဆေးနေပြီး၊ ဘယ်လိုပုံစံမျိုးနဲ့ အရေးယူမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးကနေ ဒုခရိုင်အုပ်ချုပ်ရေးမှူး ရာထူးတိုးသွားတဲ့ ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်ဟာ ရာထူးတိုး ပြောင်းရွှေ့ညစာစားပွဲမှာ ငွေကျပ် သိန်း ၇၀ ကြဲခဲ့တာကြောင့် စစ်ဆေးခံနေရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
