ISP-Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို သူလျှိုမှုနဲ့ ဖမ်းဆီးထားကြောင်း တရုတ်အစိုးရ အတည်ပြု
မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရက သူလျှိုမှုနဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှု စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဒီကနေ့မှာ တရားဝင် အတည်ပြုလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန့် (Lin Jian) က ပေကျင်းမြို့မှာ ဒီကနေ့ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ISP-Myanmar အကြီးအကဲ ဦးမင်းဇင်ကို ဖမ်းဆီးထားကြောင်း အတည်ပြုလိုက်တာလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
“ဦးမင်းဇင်ကို သူလျှိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေက ဥပဒေနဲ့အညီ ရာဇဝတ်မှုဆိုင်ရာ ဖမ်းဆီးထိန်းသိမ်းမှုကို လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဂွမ်ကျိုးမြို့မှာရှိတဲ့ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံးကိုလည်း ကျွန်တော်တို့ဘက်က အကြောင်းကြားထားပြီး ဖြစ်ပါတယ်” လို့ လင်ကျန့်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဦးမင်းဇင်ဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမင်း (Kunming) မြို့ကို လေယာဉ်နဲ့ ရောက်ရှိလာချိန်မှာ လေဆိပ်မှာတင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရတာ ဖြစ်တယ်လို့ Reuters သတင်းဌာနက ဆိုပါတယ်။
ဦးမင်းဇင် ဦးဆောင်တဲ့ ISP-Myanmar အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေကို အသေးစိတ် မှတ်တမ်းတင် ဆန်းစစ်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ အဓိကအားဖြင့် မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုကို အထူးလေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့ဖြစ်ကြောင်း သိရပါတယ်။
ဓာတ်ပုံ – ဦးမင်းဇင် Facebook
