တရားမဝင်ကုန်ပစ္စည်း သယ်ယူခြင်းနဲ့ မွန် နယ်လုံဝန်ကြီး ချမ်းသာလာတယ်လို့ ကုန်သည်တွေ ဝေဖန်

Author CJ Platform
Categories
Published on Jun 11, 2026

မွန်ပြည်မှာ တရားမဝင်ကုန်ပစ္စည်း တင်သွင်းတဲ့ယာဉ်တွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ လေသံပစ်ထားတဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ ကိုယ်တိုင် တရားမဝင်ကုန်ပစ္စည်းတွေ တင်သွင်းခြင်းနဲ့ ချမ်းသာကြွယ်ဝလာတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။

 

မွန်ပြည်တွင်း ယိုးဒယား (ထိုင်း) ကုန်ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ထားပေမယ့် နယ်လုံဝန်ကြီးနဲ့ ရှယ်ယာစပ်တူ လုပ်ကိုင်ထားတဲ့ ကုန်သည်တွေရဲ့ ကုန်ကားတွေသာ တင်သွင်းခွင့်ရရှိပြီး၊ ဈေးကွက် လက်ဝါးကြီးအုပ်ကာ အမြတ်ငွေ အမြောက်အမြား ရရှိနေကြတာဖြစ်တယ်လို့ မော်လမြိုင်မြို့ခံ ကုန်သည်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“မော်လမြိုင် သံလွင်တံတားမှာ ယိုးဒယားကုန်ပစ္စည်းဆိုရင် ကုန်ကားမပြောနဲ့၊ အိမ်သုံးဖို့အတွက် ဝယ်လာရင်တောင် ဖမ်းတာ။ အဲလို လိုက်ဖမ်းနေတော့ သမာအာဇီဝနဲ့ လုပ်ကိုင်နေတဲ့ ကုန်သည်တွေက ပစ္စည်းသွင်းလို့မရ၊ ရောင်းလို့မရတော့ဘူး။ ဒါပေမဲ့ နယ်လုံဝန်ကြီး ရှယ်ယာပါတဲ့ ကုန်ကားတွေကျတော့ စစ်ဆေးရေးဂိတ်တွေက လွှတ်ပေးနေတယ်။ သူတို့ တရားမဝင်ကုန်သွယ်ရေး တိုက်ဖျက်နေတယ်ဆိုတာ အလုပ်ပြဟန်ပြပဲ၊ အခုဆို နယ်လုံဝန်ကြီးက တော်တော် ချမ်းသာနေပြီ” လို့ သူက ဆိုပါတယ်။

 

နယ်လုံဝန်ကြီးရဲ့ တရားမဝင် ကုန်ပစ္စည်းတင်သွင်းခြင်း လုပ်ငန်းကို သူ့ရဲ့ ကိုယ်ရေးအရာရှိ (PSO) ဖြစ်သူ ရဲအုပ် သက်ပိုင်ဦးက အဓိက ဦးဆောင်နေပြီး၊ အကောက်ခွန်နဲ့ စစ်ဆေးရေးဂိတ်တွေကလည်း ငွေကြေးရယူကာ လွှတ်ပေးနေတာဖြစ်တယ်လို့ သထုံမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကုန်ကားတွေဆိုရင် တစ်ခါစစ်ဆေးရင် နာရီဝက်၊ တစ်နာရီလောက် ကြာတယ်။ ယိုးဒယားပစ္စည်းဆိုရင် လုံးဝ အဝင်မခံဘူး။ ဘာလို့ အဝင်မခံလဲဆိုတော့ ယိုးဒယားကုန်ပစ္စည်းတွေကို နယ်လုံဝန်ကြီးကိုယ်တိုင် သွင်းနေတာဆိုတော့ အပြင်ပစ္စည်းတွေဝင်လာရင် ကုန်ပစ္စည်းချင်း ပြိုင်ဆိုင်မှုဖြစ်မှာစိုးလို့ ပိတ်ထားတာ” လို့ သူက ရှင်းပြပါတယ်။

 

မွန်ပြည်နယ် တရားမဝင်ကုန်သွယ်ရေး တိုက်ဖျက်ရေးအထူးအဖွဲ့ကို ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ပြီး၊ မြေပြင်စစ်ဆေးရေးကိုမူ ဗိုလ်မှူးကြီး ကျော်စွာမြင့် တာဝန်ပေးထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် (အငြိမ်းစားဗိုလ်ကြီးတစ်ဦး) က ဦးဆောင်နေတာဖြစ်တယ်လို့ ယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

 

“စစ်ဆေးရေးဂိတ်တွေက နယ်လုံဝန်ကြီးရဲ့ ကုန်ကားမဟုတ်ရင် ပြည်သူ့စစ်အဖွဲ့တွေက လိုက်ဖမ်းတာ။ မိသွားရင် ပါးတွေ နားတွေရိုက်တာအထိ လုပ်တယ်။ မိသွားရင်တော့ ငွေအမြောက်အမြား ကုန်ပြီသာမှတ်။ တရားမဝင်ကုန်ပစ္စည်းဆို မွန်ပြည်နယ်ကို အဝင်မခံတဲ့ သဘောမျိုး လုပ်ပြနေတာ။ အမှန်က နယ်လုံဝန်ကြီးကိုယ်တိုင် သွင်းနေတာကို ပြည်သူတွေ မသိဘူးအောက်မေ့လို့” လို့ သူက ဝေဖန်ပါတယ်။

 

အလားတူ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း “ရန်ကုန်-မော်လမြိုင် လမ်းပိုင်းမှာ လုံခြုံရေးတာဝန်ယူနေသည့် ပြည်သူ့စစ်များ တရားမဝင်ကုန်စည်များ တင်ဆောင်လာတဲ့ ကုန်ကားတွေဆီကနေ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေတယ်” ဟု သူရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဝေဖန်ထားဖူးပါတယ်။

 

အခုလို နောက်ကွယ်မှာ တရားမဝင်ကုန်ပစ္စည်းတွေ ကိုယ်တိုင်တင်သွင်းနေသော်လည်း ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်အုပ်စု မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က “တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာသည်ကို စိစစ်တွေ့ရှိပါက ယာဉ်ပိုင်ရှင်နှင့် ယာဉ်လိုင်းတာဝန်ခံများကို ပြင်းပြင်းထန်ထန် အရေးယူမည်” ဟု ပြောဆိုခဲ့ကြောင်းလည်း သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်