စစ်တွေက စစ်ဘေးရှောင်စခန်းတွေမှာ စစ်တပ်ထဲဝင်ဖို့ စစ်အုပ်စုက မက်လုံးပေးစည်းရုံးနေ
စစ်အုပ်စုထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့မှာ စစ်တပ်ထဲဝင်ရောက်ရန်အတွက် စစ်ဘေးရှောင်စခန်းတွေမှာ စစ်အုပ်စုက ငွေကြေးမက်လုံးပေးကာ စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။
အခု ဇွန်လ ပထမပတ်အတွင်းက စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်တပ်ထဲဝင်ပါက ငွေကျပ် ၅ သိန်းနဲ့ ရိက္ခာထောက်ပံ့ပေးမယ်လို့ဆိုကာ စစ်အုပ်စုအရာရှိတွေက လာရောက်စည်းရုံးခဲ့ကြောင်း စစ်ဘေးရှောင်တွေက CJ Platform ကို ပြောပါတယ်။
“၂ ရက်နေ့က လာရောက်ပြီး စည်းရုံးရေးလုပ်တာ။ ဒီမှာ စစ်ရှောင်တွေက ကူကယ်ရာမဲ့ တော်တော်ဒုက္ခရောက်ကြတယ်လေ။ အဲဒါကို အခွင့်ကောင်းယူပြီး လာဆွယ်တာ။ စစ်ပွဲတွေပြင်းထန်နေချိန်မှာတော့ ငတ်ရင်တောင် အချင်းချင်း ပြန်တိုက်ရမယ့်ကိစ္စမလို့ ကျွန်တော်တို့တော့ မလုပ်နိုင်ဘူး” လို့ စစ်တွေမြို့၊ ဝင်္ကဘာကွင်းအနီး ဆင်နှစ်ကောင် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့ဟာ လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ပိတ်ဆို့ခံထားရတာကြောင့် မြို့ပေါ်မှာ ပိတ်မိနေတဲ့ ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေဟာ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် နေထိုင်စားသောက်ရေးအတွက် အလွန်ခက်ခဲနေပြီး၊ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေလည်း မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ စစ်တွေမြို့ပြင်ကျေးရွာတွေက ဒေသခံတွေဖြစ်ကြပြီး၊ စစ်အုပ်စုက စစ်ရေးလုံခြုံရေးအကြောင်းပြကာ မြို့တွင်းကို အတင်းအဓမ္မ ပြောင်းရွှေ့စေခဲ့တာကြောင့် မြို့ထဲရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ နှစ်နှင့်ချီကာ စစ်ဘေးဒုက္ခ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
အခုလို အခက်အခဲကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်တွေအပြင် အခြေခံလူတန်းစား ပြည်သူတွေကိုပါ စစ်အုပ်စုက ပစ်မှတ်ထားပြီး စစ်ရေးအတွက် အသုံးချရန် ကြံစည်နေတယ်လို့ အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
“တချို့ပြည်သူတွေက ငတ်နေကြတာတောင်ရှိတယ်လေ။ မိသားစုအတွက် အဲဒီကိုဝင်သွားကြတာလည်း ရှိတယ်။ စစ်ဘေးရှောင်တွေလည်း မစို့မပို့ဘဲ အကူအညီရတာ။ နေစရာအခင်းတောင်မလုံဘူး။ အဲဒီတော့ ဒီလူတွေက ငွေမက်ပြီးများဝင်ကြမလားပေါ့။ ဆရာတော်တို့ကျောင်းမှာလူလည်းသိပ်မများတော့ ဝင်တဲ့လူတော့မရှိသေးဘူး။ တချို့တွေ စားဝတ်နေရေးအတွက် စစ်တပ်ထဲဝင်သွားတာလည်း ရှိကောင်းရှိနိုင်တယ်” ဟု ဆရာတော်က မိန့်ပါတယ်။
လက်ရှိမှာတော့ စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ စစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေပါတယ်။
စစ်တွေမြို့တွင်းမှာလည်း စစ်အုပ်စုက စစ်ရေးပြင်ဆင်မှုများကို အပြင်းအထန် လုပ်ဆောင်နေသလို၊ ရေတပ် (Navy) တွေနဲ့ လူအင်အားအဆက်မပြတ် ဖြည့်တင်းလာတာတွေရှိတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ရေးပြင်းထန်နေတဲ့ အခြေအနေမှာ ဒုက္ခရောက်နေသည့် စစ်ဘေးရှောင်ပြည်သူများကို ကူညီကယ်ဆယ်ခြင်းမပြုဘဲ၊ စစ်ရေးအင်အားလိုအပ်ချက်အတွက် ငွေကြေးမက်လုံးပေးကာ စစ်မြေပြင်သို့ တွန်းပို့နေခြင်းအပေါ် ဒေသခံတွေအကြား ဝေဖန်ရှုတ်ချမှုတွေ မြင့်တက်နေပါတယ်။
ပုံစာ – ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူအချို့ကို မြင်ရပုံ (ပုံဟောင်း)
