သမိုင်းဝင်ကူးပြောင်းမှုမှာ မြန်မာအမျိုးသမီးတွေဟာ ရှေ့တန်းက ဦးဆောင်နေတဲ့ အင်အားစုတွေဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆို
မြန်မာနိုင်ငံမှ အမျိုးသမီးတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ သမိုင်းဝင်တော်လှန်ရေး အသွင်ကူးပြောင်းမှုကာလမှာ ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ ဦးဆောင်နေကြတဲ့ အဓိကအင်အားစုတွေဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ ပြောကြားလိုက်ပြီး၊ မြန်မာပြည်သူတွေနဲ့အတူ ချက်ချင်းလက်ငင်း ခိုင်ခိုင်မာမာ ရပ်တည်ပေးဖို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပနေတဲ့ ၂၀၂၆ ခုနှစ် UNDP၊ UNFPA နဲ့ UNOPS အမှုဆောင်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာအမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို အလေးပေးထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးအစီအစဉ်အောက်မှ UNFPA နဲ့ UN-Women အေဂျင်စီနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ဖွဲ့စည်းမည့် အလားအလာအပေါ် ဆွေးနွေးခဲ့ကြပြီး၊ သံအမတ်ကြီးက မည်သည့်ပြုပြင်ပြောင်းလဲမှုမျိုးတွင်မဆို မြန်မာအမျိုးသမီးတွေကို အကာအကွယ်ပေးရေးနဲ့ အမျိုးသမီးတွေရဲ့ လုပ်ပိုင်ခွင့်အာဏာမြှင့်တင်ပေးရေးတို့ကို မလျော့ပါးစေဘဲ ပိုမိုခိုင်မာအားကောင်းစေရေး သတိချပ်ရမယ်လို့ ထောက်ပြခဲ့ပါတယ်။
လက်ရှိမှာ စစ်အုပ်စုရဲ့ လုပ်ဆောင်မှုကြောင့် လူလုပ်ဖန်တီးထားတဲ့ ဒုက္ခအကျပ်အတည်းကို မြန်မာနိုင်ငံရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက နေ့စဉ်ခါးစည်းခံနေရပြီး၊ အထူးသဖြင့် ပဋိပက္ခဒေသတွေမှာ ကျားမအခြေပြု အကြမ်းဖက်မှုတွေ အလွန်အမင်း မြင့်တက်နေသည့်အပြင် လိင်နဲ့ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေ (SRHR) ရရှိရေးကိုပါ စစ်အုပ်စုက ပိတ်ပင်တားဆီးထားကြောင်း ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အဆက်မပြတ် အကြမ်းဖက်မှုတွေကြောင့် လက်ရှိမှာ ပြည်တွင်း၌ နေရပ်စွန့်ခွာနေရသူ ၃ ဒသမ ၇ သန်းကျော် ရှိလာပြီး၊ ကလေးသူငယ် ၅ သန်းအပါအဝင် လူဦးရေရဲ့ သုံးပုံတစ်ပုံ (၁၆ သန်းကျော်) မှာ လူသားချင်းစာနာမှု အကူအညီတွေကို အရေးပေါ် လိုအပ်နေတာကြောင့် UNFPA နဲ့ UN-Women တို့ရဲ့ အကာအကွယ်ပေးရေး အစီအစဉ်တွေဟာ မြန်မာပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အသက်သွေးကြော ဖြစ်နေတယ်လို့ ဆိုပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကျားမတန်းတူညီမျှမှု မရှိဘဲ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ မိတ်ဖက်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းကာ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာစေရေး ဦးဆောင်ကောင်စီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အဲဒီကောင်စီရဲ့ မူဝါဒတွေမှာ ကျားမရှုထောင့်၊ အကြမ်းဖက်ဒဏ်မှ အသက်ရှင်ကျန်ရစ်သူတွေအတွက် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနဲ့ အမျိုးသမီးဦးဆောင်မှုတို့ကို ဦးစားပေးချမှတ်ထားကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။
သံအမတ်ကြီးရဲ့ တင်ပြချက်အပေါ် UNFPA ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးချုပ်က မြန်မာကိုယ်စားလှယ်ရဲ့ ဆွေးနွေးချက်ကို ကောင်းစွာမှတ်သားထားရှိပြီး၊ စိန်ခေါ်မှုကြီးမားသော လူသားချင်းစာနာမှု အကျပ်အတည်းအောက် ရောက်ရှိနေသူများအတွက် လုပ်ငန်းများကို ထိရောက်စွာ လည်ပတ်နိုင်ရေးကို အပြည့်အဝ ထောက်ခံကြောင်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – NUG
