ရွှေလီမြို့ စက်ရုံကနေ ထွက်ပြေးလွတ်မြောက်လာတဲ့  မြန်မာလုပ်သားအချို့ နေရပ်ပြန်ရန် အခက်ကြုံနေ

Author CJ Platform
Categories
Published on Jun 10, 2026

တရုတ်နိုင်ငံနယ်စပ်၊ ရွှေလီမြို့က မြန်မာအလုပ်သမားတွေကို အပြင်းအထန် ဖိနှိပ်အလုပ်စေခိုင်းနေတဲ့ Ruining Xinjiang အထည်ချုပ်စက်ရုံကနေ အရဲစွန့်ထွက်ပြေး လွတ်မြောက်လာတဲ့ အလုပ်သမားအချို့ဟာ မူဆယ်မြို့မှာ သောင်တင်နေပြီး နေရပ်ပြန်ဖို့ အခက်တွေ့နေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူနဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ထံက သိရပါတယ်။

 

အဆိုပါ Ruining Xinjiang စက်ရုံမှာ မြန်မာအလုပ်သမားတွေကို လုပ်အားခ ခေါင်းပုံဖြတ်တာ၊ နားရက်မရှိ အလုပ်ခိုင်းတာနဲ့ အလုပ်ကနေ ပြန်ထွက်လို့မရအောင် ပိတ်လှောင်ထားတာတွေ ပြုလုပ်နေတာကြောင့် အရဲစွန့်ထွက်ပြေးခဲ့ကြပြီး၊ လမ်းခရီးဆက်ဖို့ အခက်အခဲရှိနေတဲ့အတွက် STUM ထံ အကူအညီတောင်းခံလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

STUM မှ တာဝန်ရှိသူတစ်ဦးက “မူဆယ်အထိ ပြေးလာခဲ့ပြီးမှ ပြန်ဖို့အဆင်မပြေ ဖြစ်နေကြတာ။ အဲဒါ လှမ်းအကူအညီတောင်းလာတော့ ဘယ်လိုလုပ်ပေးရမလဲဆိုပြီး စဉ်းစားနေရတာပဲ” လို့ ပြောပါတယ်။

 

လက်ရှိမှာ အဆိုပါအခက်တွေ့နေရတဲ့ မြန်မာလုပ်သားတွေကို ကူညီပေးနိုင်မယ့်သူတွေ ဝိုင်းဝန်းကူညီပေးနိုင်ဖို့ STUM အနေနဲ့ နှိုးဆော်ကမ်းလှမ်းမှုများ ထုတ်ပြန်အသိပေးထားပါတယ်။

 

အလုပ်သမားတွေ ထွက်ပြေးလာတဲ့ ရွှေလီမြို့က အဆိုပါစက်ရုံမှာ ဆိုးရွားတဲ့ ဖိနှိပ်မှုတွေရှိနေပြီး၊ လုံခြုံရေးအထပ်ထပ်ချကာ စောင့်ကြည့်နေတဲ့အတွက် ထွက်ပြေးဖို့ အဆင်မပြေဘဲ ပိတ်မိနေသေးတဲ့ မြန်မာလုပ်သား ရာချီရှိနေသေးတယ်လို့ လွတ်မြောက်လာသူတွေက ဆိုပါတယ်။

 

အခုလို စက်ရုံကနေ ထွက်ပြေးတဲ့သူတွေထဲမှာ အချို့ကို စက်ရုံလုံခြုံရေးတွေက ပြန်လည်ဖမ်းဆီးမိသွားပြီး ထိုးကြိတ်ရိုက်နှက်တာတွေ လုပ်တဲ့အပြင်၊ အလုပ်ရှင်က ရဲတပ်ဖွဲ့ကိုခေါ်ယူကာ ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ခိုင်းတာတွေ ရှိနေတယ်လို့ လွတ်မြောက်လာတဲ့ အလုပ်သမားတွေက ဖွင့်ဟပါတယ်။

 

အခုနောက်ဆုံး ထွက်ပြေးခဲ့သူတွေထဲက အမျိုးသား ၃ ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရသလို၊ အလားတူ ထွက်ပြေးလို့ ဖမ်းမိတာ၊ အလုပ်ရှင်က မကျေနပ်တာကြောင့် ရဲစခန်းမှာ ချုပ်နှောင်ခံထားရတဲ့ မြန်မာလုပ်သား အမျိုးသမီးတွေအပါအဝင် ၅၀ နီးပါးရှိနေတယ်လို့ ခင်ပွန်းဖြစ်သူ ကိုယ်တိုင်ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

 

“အချုပ်ထဲကသူတွေကို ပြန်လွှတ်ပြီး မြန်မာဘက် ပြန်ပို့ဖို့ ရဲကအားလုံး လုပ်ပြီးပြီ။ ဒါပေမဲ့ စက်ရုံသူဌေးက ပိုက်ဆံပေးပြီး ဆက်ချုပ်ခိုင်းထားတာ” လို့ သူက ဆိုပါတယ်။

 

အဲဒီစက်ရုံမှာ နှိပ်စက်ညှင်းပန်းပြီး အဓမ္မစေခိုင်းမှုတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာအမျိုးသမီးလုပ်သားတစ်ဦး ကျန်းမာရေးပြင်းထန်စွာ ထိခိုက်ခဲ့ရပြီး၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့တာကြောင့် အသက်သေဆုံးခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ကြောင်း အလုပ်သမားတွေရဲ့ အဆိုအရ သိရပါတယ်။

 

အဆိုပါ သေဆုံးမှုကို စက်ရုံဘက်က သတင်းဖုံးဖိခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ပူးပေါင်းကာ လက်စဖျောက်ခဲ့သလို၊ အလုပ်လုပ်ဖို့ လာနေတဲ့ သေဆုံးသူရဲ့ညီမကိုပါ လမ်းခုလတ်ကနေ ပြန်ခိုင်းခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိထားသူတွေက ပြောပါတယ်။

 

တရုတ်နိုင်ငံ၊ ရွှေလီဘက်ခြမ်းက စက်ရုံအချို့မှာ မြန်မာပြည်တွင်းက အလုပ်သမားတွေကို လစာကောင်းကောင်းပေးမယ်ဆိုပြီး မက်လုံးပေးခေါ်ယူကာ၊ အလုပ်ထဲရောက်ရှိမှသာ လုပ်အားခခေါင်းပုံဖြတ်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေကြောင့် မြန်မာလုပ်သားများ ဒုက္ခရောက်ရတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – STUM