မီဇိုရမ်က မြန်မာစစ်ဘေးရှောင်မိခင်တွေ ကလေးမွေးစာရင်းမရလို့ အနာဂတ်ပညာရေးအတွက် စိုးရိမ်နေကြရ

Author CJ Platform
Categories
Published on Jun 10, 2026

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်းမှာ ​မြန်မာစစ်ဘေးရှောင်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ မွေးဖွားလာတဲ့ မြန်မာကလေးငယ်အများစုကို တရားဝင် မွေးစာရင်း ထုတ်မပေးတာကြောင့် နောင်တစ်ချိန် နေရပ်ပြန်လည်ရောက်ရှိချိန်မှာ ကျောင်းတက်ခွင့်အပါအဝင် တရားဝင်စာရွက်စာတမ်းတွေ လုပ်ဆောင်ဖို့ အခက်အခဲဖြစ်မှာကို စစ်ဘေးရှောင် မိခင်တွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

 

ကျန်ဖိုင်းမြို့မှာရှိတဲ့ ဇီအွန် (Zion) စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေတဲ့ မိခင်တစ်ဦးက “ကျောင်းတက်တဲ့အခါ မြန်မာပြည်ဘက်မှာ ပြန်တက်မယ်ဆိုရင် မွေးစာရင်းလိုတယ်။ ဒီမီဇိုရမ်ဘက်မှာ ကျွန်မတို့ကလေးတွေက မွေးစာရင်းမရကြဘူး” လို့ CJ Platform ကို ပြောပါတယ်။

 

Zion စစ်ဘေးရှောင်စခန်းတစ်ခုတည်းမှာတင် လက်ရှိအချိန်ထိ မွေးစာရင်းမရသေးတဲ့ ကလေးငယ်ပေါင်း ၂၈ ဦးအထိ ရှိနေတယ်လို့ စခန်းတာဝန်ခံဆီက သိရပါတယ်။

 

သူတို့ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်လာကြသူတွေဖြစ်ပြီး၊ စစ်ဘေးရှောင်သက်တမ်း ကြာမြင့်လာတာနဲ့အမျှ စခန်းအတွင်း ကလေးငယ်တွေ အများအပြား မွေးဖွားလာပေမဲ့ တရားဝင် အထောက်အထားစာရွက်စာတမ်းတွေကို မီဇိုရမ်အစိုးရဘက်က ထုတ်ပေးခြင်းမရှိဘူးလို့ နောက်ထပ် မိခင်တစ်ဦးက ဆိုပါတယ်။

 

အခုလို မွေးစာရင်းမရှိတာဟာ ကလေးငယ်တွေရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ ပညာသင်ကြားခွင့်ကို ထိခိုက်လာနိုင်တဲ့အတွက် ကလေးမိဘတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

 

လက်ရှိမှာ အဆိုပါစခန်းအတွင်း အိမ်ထောင်စု ၇၃ စုရှိပြီး၊ ကလေးငယ်တွေအပါအဝင် လူဦးရေ ၃၅၀ ခန့် ခိုလှုံနေကြတယ်လို့ စခန်းတာဝန်ခံက ဆက်ပြောပါတယ်။

 

Zion စစ်ဘေးရှောင်စခန်းမှာ ချင်းပြည်ကနေ စစ်ဘေးရှောင်လာကြတဲ့ မိသားစုတွေအပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လုပ်လာတဲ့ ရဲနဲ့ စစ်သားမိသားစုဝင်တွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

 

အလားတူ ဝီလွီ (Uilui) စစ်ဘေးရှောင်စခန်းနဲ့ ဇိုခေါသရ် (Zochawthar) စစ်ဘေးရှောင်စခန်းတွေက ကလေးမိခင်တွေလည်း ကလေးမွေးစာရင်း မရရှိကြတဲ့အတွက် ရှေ့ဆက်ရမယ့် အနာဂတ်အတွက် စိုးရိမ်နေကြရကြောင်း သိရပါတယ်။

 

CJ 004

 

 

Related News

Depend on news