မန္တလေး နွေဦးနှင်းဆီ မြေကွက်များကို တစ်ဦးတည်းက ဒေါ်လာ ၂ဒသမ၄ သန်းဖိုး အထိဝယ်ယူ

Author လင်းခိုင်
Categories
Published on Nov 05, 2022

 

မန္တလေး နွေဦးနှင်းဆီ မြေကွက်များကို တစ်ဦးတည်းက ဒေါ်လာ ၂ဒသမ၄ သန်းဖိုး အထိဝယ်ယူခဲ့ကြောင်း NUG ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

မန္တလေးမြို့၏ EOD စီမံကိန်းများထဲက တစ်ခုဖြစ်သည့် နွေဦးနှင်းဆီ ပေ ၁၀၀ ပတ်လည် မြေကွက် အကွက် ၂၀ ကို ရောင်းချခြင်းဖြစ်ပြီး မြေကွက် ၁၀ ကွက်ကို တစ်ဦးတည်းမှ ဒေါ်လာ ၂ဒသမ၄ သန်းဖိုး ဝယ်ယူခဲ့ခြင်းဖြစ်သည်။

“ကျန်ရှိနေတဲ့ မြေကွက် ၁၀ ကွက်ကို တစ်ဦးတည်းက အမေရိကန် ဒေါ်လာ ၂ဒသမ၄သန်းဖိုး တဦးတည်းဝယ်ယူအားပေးသွားပါတယ်။ ပမာဏများများ ဝယ်ယူအားပေးသူများနည်းတူ မိမိတို့ နိုင်သမျှ တဦးချင်း တကွက်ချင်း ဝယ်ယူအားပေးကြသူများအားလုံးနှင့် နိုင်ရာဝန်ထမ်းနေကြတဲ့ တော်လှန်ပြည်သူ အားလုံးကို တော်လှန်ရေးအောင်စိတ်ဖြင့် ဦးညွတ်ဂုတ်ပြုပါတယ်” ဟု ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ မြေကွက်များသည် မဟာအောင်မြေမြို့၊ အောင်ဆန်းစုကြည်လမ်း တောင်ဘက်ရှိ စစ်တပ်မှ သိမ်းယူထားသော မြေနေရာကို အကွက်ရိုက်ကာ ရောင်းချခြင်းဖြစ်ပြီး၊ တစ်ကွက်လျှင် ဒေါ်လာ နှစ်သိန်းလေးသောင်း သတ်မှတ်ထားပြီး တော်လှန်ရေးကာလအတွင်း ငွေပေးသွင်းရမည် ဖြစ်သည်။

ယင်းမြေကွက်များကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၄ ရက်နေ့အထိ မြေကွက် ၁၀ကွက်သာ ရောင်းချနိုင်ခဲ့သော်လည်း နိုဝင်ဘာ ၅ ရက်တွင် တစ်ဦးတည်းမှ ကျန်ရှိမြေကွက်အားလုံးကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform