မြန်မာ့အကျိုးစီးပွားများကို တရုတ်ဘက်က ရယူနိုင်ရန် ဖော်ဆောင်ပေးမည်ဟု မင်းအောင်လှိုင်ပြော
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တရုတ်ရုပ်ရှင်ပြပွဲမှာ ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို အခြေခံကျတဲ့ မူဝါဒအဖြစ် ဆက်လက်ကိုင်စွဲသွားမှာဖြစ်ကြောင်းနဲ့ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်နိုင်ငံဘက်က ရရှိမည့် ဘုံအကျိုးစီးပွားတွေနဲ့ အခွင့်အလမ်းတွေကို ပိုမိုနက်ရှိုင်းစွာ ဖော်ဆောင်ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
မနေ့က ဇွန်လ ၈ ရက် ညနေပိုင်းက နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီပလက်စ် (JCGV) ရုပ်ရှင်ရုံမှာ “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ဖွင့်ပွဲအခမ်းအနားကို စစ်အုပ်စုက ကြီးမှူးကျင်းပခဲ့ရာ မင်းအောင်လှိုင်နဲ့ ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် စစ်အုပ်စုတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
မင်းအောင်လှိုင်က အဖွင့်အမှာစကား ပြောကြားရာမှာ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုတဲ့ “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို ဆက်လက်ကျင့်သုံးကာ ဒေသတည်ငြိမ်ရေးအပြင် မြန်မာ့မြေပေါ်ရှိ စီးပွားရေးအခွင့်အလမ်းတွေအပါအဝင် ဘုံအကျိုးစီးပွားကဏ္ဍတွေမှာပါ တရုတ်နိုင်ငံဘက်က အကျိုးအမြတ်တွေ ပိုမိုရရှိစေရန် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ခေတ်အဆက်ဆက် နိုင်ငံတော်ခေါင်းဆောင်တွေရဲ့ ခရီးစဉ်တွေကို ထည့်သွင်းပြောဆိုရာမှာ ယခင် ဗိုလ်ချုပ်ကြီးနေဝင်းက တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် ၁၂ ကြိမ် သွားရောက်ခဲ့ကြောင်း၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာနိုင်ငံသို့ ကိုးကြိမ် လာရောက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်း” ကို တည်ထောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း သူကိုယ်တိုင် ရုရှားနိုင်ငံ မော်စကိုမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်းကောင်း၊ တရုတ်နိုင်ငံ တီယန်ကျင်းမြို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အပေါင်း ထိပ်သီးအစည်းအဝေးနဲ့ ပေကျင်းမြို့ ဖက်ဆစ်ဆန့်ကျင်ရေး အထိမ်းအမှတ်ပွဲတွေမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဒုတိယသမ္မတ ဟန်ကျန့်တို့နဲ့ပါ သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် မန္တလေးငလျင်အပြီး တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ပေးခဲ့မှုနဲ့ ပြန်လည်ထူထောင်ရေးအတွက် တရုတ်ယွမ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့မှုကို ကျေးဇူးတင်ကြောင်းအပြင် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့မှာလည်း တရုတ်က အကူအညီများ စဉ်ဆက်မပြတ် ပေးနေကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
ယဉ်ကျေးမှုကဏ္ဍအနေဖြင့်လည်း ပုဂံရှိ ကမ္ဘာ့အမွေအနှစ် “သဗ္ဗညုဘုရားကြီး” ကို တရုတ်နိုင်ငံရဲ့ နည်းပညာ၊ ရန်ပုံငွေတွေနဲ့ ပြုပြင်ထိန်းသိမ်းနေကြောင်း၊ တရုတ်သံရုံးရဲ့ ကူညီမှုဖြင့် မြန်မာ့ရှေးဟောင်း ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ငဘ” အပါအဝင် ရုပ်ရှင်တွေကို ဒီဂျစ်တယ်နည်းပညာသုံး ရုပ်ရှင်ဇာတ်ကားအဖြစ် ပြောင်းလဲလက်ခံရရှိထားကြောင်းနဲ့ ယခုပြသတဲ့ တရုတ်ရုပ်ရှင်တွေကတစ်ဆင့် နှစ်နိုင်ငံပြည်သူတွေ ခံစားချက်ချင်းတူညီကာ ချစ်ကြည်ရေး ပိုမိုခိုင်မာလာနိုင်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Ms. Ma Jia ကလည်း တရုတ်-မြန်မာ ဆက်ဆံရေးဟာ ၇၆ နှစ်တာကာလအတွင်း အခက်အခဲတွေ အတူကျော်ဖြတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဟာ လူမှုရေးစနစ်မတူညီသော်လည်း တရုတ်နိုင်ငံသစ်ကို ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အမြဲထောက်ခံခဲ့ကြောင်း၊ ယခုရုပ်ရှင်ရက်သတ္တပတ်မှတစ်ဆင့် နှစ်ဦးနှစ်ဖက် ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အောင်မြင်မှုတွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ – Pro-SAC
