ကန်ပက်လက်က ကြားကာလ ပညာရေးကျောင်းတွေ ဆက်လက် ရှင်သန်နိုင်ရေး ခက်ခဲနေ
ချင်းပြည်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဖွင့်လှစ်ထားတဲ့ ကြားကာလ အခြေခံပညာကျောင်း (Community Schools) တွေက စေတနာ့ဝန်ထမ်းနဲ့ CDM ဆရာ၊ ဆရာမတွေအနေနဲ့ လစာပုံမှန် မရရှိတာ ဒေသတွင်း ပိတ်ဆို့ခံထားရမှုကြောင့် ကုန်စျေးနှုန်းကြီးမြင့်လာတာတွေနဲ့ ရင်ဆိုင်နေရပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် ခက်ခဲနေကြသလို ကလေးငယ်တွေ ဆက်လက် ပညာသင်ကြားခွင့်အတွက်လည်း စိုးရိမ်နေရတယ်လို့ ဒေသတွင်း ပညာရေး အသိုင်းအဝန်းဆီက သိရပါတယ်။
ကန်ပက်လက်မြို့နယ်ရှိ ကြားကာလကျောင်း တာဝန်ခံတစ်ဦးရဲ့ ပြောပြချက်အရ ကြားကာလ အခြေခံပညာကျောင်းတွေဟာ ဒေသခံကျောင်းကော်မတီတွေနဲ့ မိဘတွေက ပူးပေါင်းပြီး ယာယီဝါးတဲကျောင်းဆောင်တွေ ဆောက်လုပ်သင်ကြားရတာနဲ့ ဘုရားကျောင်းအောက်ထပ်တွေမှာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆရာ၊ ဆရာမတွေအတွက် ပုံမှန်လစာ ပေးအပ်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။
“ကျွန်မတို့ဆီမှာက မြေပြန့်လို ပုံမှန်လစာ မပေးနိုင်ပါဘူး။ ကျောင်းသားမိဘတွေက တတ်နိုင်သလောက် စုထည့်ပေးကြတဲ့ ထောက်ပံ့ကြေး အနည်းငယ်နဲ့ပဲ ဆရာမတွေ ရုန်းကန်နေရတာ။ ရွာကလည်း စစ်ဘေးရှောင်နေရတော့ မိဘတွေဆီမှာလည်း ပိုက်ဆံမရှိဘူး။ ဆရာမတွေမှာ တစ်ခါတလေ ဆန်ဖိုးမရှိလို့ မိဘတွေက ကိုယ့်အိမ်က ဆန်တစ်ပြည်၊ နှစ်ပြည် စုပြီး ပေးရတာမျိုးတွေ ရှိပါတယ်” လို့ ကန်ပလက်ဒေသခံ ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
ချင်းတောင်တန်းဒေသမှာ ဂန့်ဂေါ-မင်းတပ်-ကန်ပက်လက် လမ်းပိုင်းတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ခံထားရတာကြောင့် ကန်ပက်လက်မြို့နယ်အတွင်း ဆန်၊ ဆီ၊ ဆား နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ မြေပြန့်ထက် ၃ ဆမှ ၅ ဆခန့်အထိ အဆမတန် မြင့်တက်လျက်ရှိပါတယ်။
လက်ရှိမှာ ဆန်တစ်အိတ်ကို ငွေကျပ် ၂ သိန်းကျော်မှ ၃ သိန်းခန့်အထိ ပေးဝယ်နေရပြီး၊ စက်သုံးဆီပြတ်လပ်မှုကြောင့် သယ်ယူစရိတ်တွေ အဆမတန် ကြီးမြင့်နေတာက ပညာရေးဝန်ထမ်းတွေရဲ့ နေ့စဉ်စားဝတ်နေရေးကို ပိုမိုကျပ်တည်းစေခဲ့တာ ဖြစ်ပါတယ်။
စားဝတ်နေရေး အကျပ်အတည်းအပြင် မိုးဦးကျကာလ ရောက်ရှိလာပြီဖြစ်တာကြောင့် တောတောင်ထဲရှိ ယာယီဝါးတဲကျောင်းဆောင်တွေမှာ မိုးယိုတာ၊ လေပြင်းဒဏ်ကြောင့် ပျက်စီးတာတွေ ကြုံတွေ့နေရတဲ့အပြင် စာရေးကိရိယာ၊ ဗလာစာအုပ်နဲ့ ပုံနှိပ်စာအုပ်တွေ လုံးဝပြတ်လပ်နေတာကြောင့် ကလေးငယ်တွေ စာသင်ကြားဖို့ အလွန်ခက်ခဲနေတယ်လို့ သိရပါတယ်။
“မိုးရွာရင် ဝါးတဲကျောင်းလေးတွေက မိုးယိုလို့ ကလေးတွေ စာအုပ်စိုကုန်ရော။ အခုက စာအုပ်တစ်အုပ်ကို နှစ်ယောက်၊ သုံးယောက် မျှသုံးနေရတယ်။ ဒါ့အပြင် သင်ကြားနေတုန်း လေကြောင်းရန်နဲ့ လက်နက်ကြီးအန္တရာယ်ကို အမြဲစိုးရိမ်နေရတော့ ကျောင်းဘေးမှာ ဗုံးခိုကျင်းတွေ တူးထားရတယ်။ လေယာဉ်သံကြားတာနဲ့ ကလေးတွေကို ဗုံးကျင်းထဲ အရင်ပြေးခိုင်းရတယ်” လို့ ကျောင်းကော်မတီဝင်တစ်ဦးက ရှင်းပြပါတယ်။
လူသားချင်းစာနာမှုအဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေအရ ချင်းပြည်အတွင်း စစ်ရေးပဋိပက္ခတွေကြောင့် လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေနဲ့ ဘဏ်လုပ်ငန်းတွေ ပြတ်တောက်နေတာ ကာလကြာရှည်နေပြီဖြစ်ရာ ပြင်ပက ပညာရေးထောက်ပံ့ကြေးနဲ့ အလှူငွေတွေ စီးဆင်းဖို့ အလွန်ခက်ခဲလျက်ရှိကြောင်း ဖော်ပြထားပါတယ်။
ပဋိပက္ခနဲ့ သဘာဝဘေးအန္တရာယ်တွေကြားက ချင်းတောင်တန်းပေါ်ရှိ ကလေးငယ်တွေ ပညာရေးအမှောင်မကျစေဖို့ ကြိုးပမ်းနေတဲ့ ကန်ပလက်မြို့နယ်မှ ကြားကာလဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေနဲ့ ကျောင်းသုံးစာရေးကိရိယာတွေကို လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အရေးပေါ် ထောက်ပံ့ကူညီပေးဖို့ လိုအပ်နေကြောင်း ဒေသခံတွေက တောင်းဆိုထားကြပါတယ်။
ဓာတ်ပုံ – ပေးပို့
CJ 014
