နယ်လုံဝန်ကြီးရဲ့ တူကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်း ပို့ဆောင်ခဲ့တဲ့ တပ်ရင်းမှူး စစ်ဆေးခံနေရ

Author CJ Platform
Categories
Published on Jun 04, 2026

စစ်အုပ်စုရဲ့ ဧရာဝတီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးရဲ့ တူဖြစ်သူကို ဖမ်းဆီးပြီး စစ်သင်တန်းကျောင်း ပို့ဆောင်ခဲ့တဲ့ ထန်းတပင်မြို့နယ် အခြေစိုက် အမှတ် (၂၀၅) စစ်မှုထမ်းဟောင်း တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမိုးအောင် စစ်ဆေးခံနေရတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

 

ရန်ကုန်မြို့အဝင် X-ray စစ်ဆေးရေးဂိတ်မှာ မေ ၃၁ ရက်က နယ်လုံဝန်ကြီးရဲ့ တူဖြစ်သူနဲ့ အဖော်ပါလာသူ တစ်ဦးကို စစ်အုပ်စုတပ်နဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ပို့ဆောင်ခဲ့တာဖြစ်ကြောင်း မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။ 

 

“X-ray စစ်ဆေးဂိတ်က ကောင်တွေက မျက်နှာလို မျက်နှာရနဲ့ ကောင်လေးနှစ်ယောက်ကို ပေါ်တာဆွဲပြီး သင်တန်းကျောင်း ပို့လိုက်တာ။ တစ်ယောက်က နယ်လုံဝန်ကြီးရဲ့ တူ ဖြစ်နေလို့ ဂိတ်က စစ်သားတွေရော၊ တပ်ရင်းမှူးပါ စစ်ဆေးခံနေရတယ်” လို့ ပြောပါတယ်။

 

ဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးကို ဘုရင့်နောင် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းက တစ်ဆင့် လှည်းကူးမြို့နယ်၊ မင်းကုန်း အခြေစိုက် အမှတ် (၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်သို့ ပို့ဆောင်ချိန် နယ်လုံဝန်ကြီရဲ့ တူဖြစ်သူက မိသားစုကို ဖုန်းဆက် အကြောင်းကြားခဲ့တာလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

 “သင်တန်းကျောင်း ပို့တဲ့အချိန် အဖမ်းခံရတဲ့ နယ်လုံဝန်ကြီးတူက ကားပေါ်မှာ သူအိမ်က ပိုက်ဆံလှမ်းတောင်းမယ်လို့ လိမ်ပြောပြီး မိသားစုကို ဖုန်းဆက်လိုက်တာ။ သူမိဘတွေ လိုက်လာပြီး သင်တန်းကျောင်းကို ပြဿနာရှာလို့ ကောင်လေးနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ အခု ရန်ကုန်မြို့အဝင် X-ray စစ်ဆေးရေးဂိတ်က ကောင်တွေရော၊ သူ့ရဲ့ အထက်အရာရှိ ဒုဗိုလ်မှူးကြီး စိုးမိုးအောင်ပါ စစ်ဆေးခံနေရတယ်” လို့ ဆိုပါတယ်။

 

ဇွန်လ ၄ ရက် မနက်ပိုင်းက ရန်ကုန်မြို့အဝင် X-ray ဂိတ်မှာ နယ်လုံဝန်ကြီးရဲ့ တူကို ဖမ်းဆီးခဲ့တဲ့ စစ်အုပ်စု တပ်သားတွေနေရာမှာ ခမရ (၅၃၂) တပ်ရင်းက တပ်သားတွေနဲ့ အစားထိုးထားတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

 

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်ကလည်း တာမွေမြို့နယ်မှာ ဆိုက်ကားနင်းနေတဲ့ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ကို စစ်အ့ပ်စုက ဖမ်းဆီးပြီး အသက် ၃၅ နှစ် မှတ်ပုံတင် ပြင်ဆင်ပေးကာ စစ်ထဲထည့်ခဲ့သဖြင့် ကျန်ရစ်ခဲ့တဲ့ မိသားစုမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

 

လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းခဲ့ပြီး မတ်လ ၂၈ ရက်မှာ စတင် သင်တန်းပေးခဲ့ရာ ယခုအခါ အပတ်စဉ် (၂၆) အထိ ရောက်ရှိနေပြီ ဖြစ်သည်။

 

ဓာတ်ပုံ – Ye Yint Soe Nyunt FB