ရေနံချောင်းက အသက် ၄၇ နှစ် အမျိုးသားတစ်ဦးကို စစ်တပ်က လဝကနဲ့ ပေါင်းကာ အသက်ပြင်ပြီး စစ်သင်တန်းကျောင်း ပို့

Author CJ Platform
Categories
Published on Jun 03, 2026

မိသားစု စားဝတ်နေရေးအတွက် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကနေ ရန်ကုန်မှာ ဆိုက်ကား လာနင်းတဲ့ အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦးကို စစ်တပ်က လဝကနဲ့ ပူးပေါင်းကာ မှတ်ပုံတင်မှာ အသက် ၃၅ နှစ် ပြင်ဆင်ပေးပြီး စစ်မှုထမ်း အပတ်စဉ် ၂၅ ပို့လိုက်လို့ မိသားစုဝင်တွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

 

ရေနံချောင်းမြို့နယ် နဂါးကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ဆိုသူဟာ ရန်ကုန်တိုင်း တာမွေမြို့နယ်မှာ မိသားစု စားဝတ်နေရေးအတွက် ဆိုက်ကားနင်းတဲ့ အလုပ်ကို လုပ်ကိုင်ပြီး မတ်လ ၁၆ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့ရာ မေလ ၂၀ ရက်နေ့မှာ ရမည်းသင်း အခြေစိုက် အမှတ် (၃) စစ်အခြေခံ သင်တန်းကျောင်းကို ရောက်ရှိနေကြောင်း မိသားစုထံ ဆက်သွယ်လာတယ်လို့ ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ ပြောဆိုထားပါတယ်။

 

ခင်ပွန်းဖြစ်သူ ဆက်သွယ်လာ၍ မေလ ၃၁ ရက်မှာ အမှတ် (၃) စစ်အခြေခံ သင်တန်းကျောင်းကို လိုက်သွားရာ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ရဲ့ မှတ်ပုံတင် (၈/မကန(နိုင်) ၀၈၄၄၁၁) မှ အသက် ၃၅ နှစ် (၈/ရနခ(နိုင်) ၁၀၅၈၈၅) မှတ်ပုံတင်ကို ပြင်ပေးထားတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။

 

ရေနံချောင်းမြို့ခံ တစ်ဦးက “စစ်တပ်က အတော်မိုက်ရိုင်းတာဗျာ။ အသက် ၅၀ လောက် ရှိတဲ့သူကို လဝကမှာ အသက် ၃၅ နှစ် မှတ်ပုံတင် ပြန်လုပ်ပေးပြီး စစ်ထဲ ထည့်လိုက်တယ်။ ဘုန်းကြီးတွေ၊ အုပ်ချုပ်ရေးမှူး လိုက်ထုတ်ပေးတာတောင် မရဘူး။ ကျန်ခဲ့တဲ့ မိန်းမကလည်း ကျန်းမာရေး မကောင်းဘူး၊ ကလေး ၃ ယောက်နဲ့ ဘယ်လို ရပ်တည်မလဲ။ စစ်တပ်နဲ့ ပေါင်းပြီး မှတ်ပုံတင် ပြင်ပေးတဲ့ လဝကက လူတွေလည်း သူများ ဒုက္ခရောက်သလို ရောက်အုံးမှာ၊ ဝဋ်ဆိုတာ နေ့မကူးဘူး” လို့ ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း စစ်ကိုင်းကနေ စစ်ရှောင်လာပြီး ဇေကမ္ဘာ စက်မှုဇုန်ထံမှာ ညစောင့် လုပ်နေတဲ့ မောင်ဝင်းနိုင်ဦး ပျောက်ဆုံးသွားပြီး မတ်လ ၂၆ ရက်မှာ ဥတ္တရသီရိမြို့နယ် မိုးစွေ အခြေစိုက် အမှတ် (၂) တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကနေ မိသားစုကို ဆက်သွယ်လာတယ်လို့ ဖြစ်စဉ် သိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။ 

 

“ပျောက်တုန်းက မင်္ဂလာဒုံနဲ့ ရွှေပေါက်ကံ ရဲစခန်းမှာ အမှုဖွင့်တာ။ တစ်လလောက် ကြာတော့ နေပြည်တော် တကက (၂) ကနေ ဆက်သွယ်လာတာ။ ကုန်ချင်ကုန်ပလေစေ ဆိုပြီး မိသားစုက လိုက်တာ မရတော့ဘူး။ အဲဒီကောင်လေးတုန်းက ဇေကမ္ဘာ စက်မှုဇုန်ထဲမှာ အလုပ်က ပြန်လာတဲ့အချိန် စစ်တပ်က ဖမ်းသွားတာ” လို့ ပြောပါတယ်။

 

မေလ ၁၁ ရက်ကလည်း လှိုင်သာယာမြို့နယ် အမှတ် (၁၆) ရပ်ကွက် ဝါဝါဝင်းလမ်းမှာ နေထိုင်တဲ့ စစ်ရှောင် လူငယ်နှစ်ဦး ဖြစ်တဲ့ ပြည့်ဖြိုးဝေနဲ့ ကိုကိုနိုင်တို့ ဒညင်းကုန်းဈေးအနီးမှာ ပန်းရံ သွားလုပ်ရင်း ပျောက်ဆုံးသွားလို့ မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ငိုယိုပြီး အကူအညီ တောင်းထားတဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

လက်တလောမှာ စစ်မှုထမ်းအတွက် စစ်တပ်နဲ့ ရဲတွေဟာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အတော်များများမှာ လူငယ်တွေကို ဧည့်စာရင်းနဲ့ ဖမ်းဆီးတာအပြင် အလုပ်သွား အလုပ်ပြန်တွေကိုပါ ဖမ်းဆီးတဲ့အထိ ဆိုးဝါးလာတာပါ။ လူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမဲ့ ဥပဒေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်က အသက်သွင်းခဲ့ပြီး မတ်လ ၂၈ ရက်မှာ စတင် သင်တန်းပေးခဲ့ရာ အခုဆိုရင် အပတ်စဉ် ၂၆ အထိ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်