NSPNC ရုံးဆောက်ဖို့အတွက် နေပြည်တော်မှာ သစ်ကားတွေ ဆက်တိုက်ဖမ်းဆီးနေ
အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (NSPNC) ရုံး တည်ဆောက်ဖို့ သစ်လိုအပ်နေတာကြောင့် နေပြည်တော် ၈ မြို့နယ်အတွင်းမှာ သစ်ကားတွေကို စစ်အုပ်စုက ဆက်တိုက် ဖမ်းဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မေလ ၃၀ ရက်ကစပြီး နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနား၊ လယ်ဝေးနဲ့ ဥတ္တရသီရိ မြို့နယ်တွေမှာ စစ်တပ်၊ ရဲနဲ့ သစ်တော ဦးစီးဌာနက သစ်ကားတွေကို ဆက်တိုက် ဖမ်းဆီးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ဇွန်လ ၁ ရက်က ပျဉ်းမနား မြို့ဝင် စစ်ဆေးရေးဂိတ်မှာ သစ် ၂၈၄၀ တန် တင်ဆောင်လာတဲ့ ကား ၁ စီးကို စစ်တပ်နဲ့ ရဲက ဖမ်းဆီးပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို သစ်တော ဦးစီးဌာနက ရဲစခန်းမှာ ပုဒ်မ ၄၁ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။
“တရားမဝင်လို့ ဖမ်းတာမဟုတ်ဘူး၊ ဇမ္ဗူသီရိ မြို့နယ် NSPNC ရုံးဆောက်ဖို့ သစ်လိုနေလို့ စစ်တပ်က ဖမ်းတာ။ မြို့ထဲက သစ်ဆိုင်ကို သစ်လာပို့တဲ့ကားကို သစ်တော ဦးစီးဌာနနဲ့ တိုင်ပင်ပြီး ဖမ်းတာ။ ဆိုင်ဘက်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အတွက် ရှေ့နေတွေနဲ့ လိုက်နေတယ်” လို့ ပြောပါတယ်။
ဥတ္တရသီရိ မြို့နယ်၊ ငလိုက် ကြိုးဝိုင်း အကွက် အမှတ် ၇၉ အနီးမှာ မေလ ၃၁ ရက်က သစ် ၃၀၈၄ တန် တင်ဆောင်လာတဲ့ ခြောက်ဘီးယာဉ် ၁ စီးကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံ ယာဉ်မောင်း တစ်ဦးက CJ Platform ကို ပြောပါတယ်။
“မျှောစာပါလည်း ဖမ်းတယ်၊ သစ်တော ထောက်ခံချက်ပါလည်း ဖမ်းတယ်။ ဖမ်းပြီးရင် ဓာတ်ပုံရိုက်တယ်၊ ဓာတ်ပုံရိုက်ပြီးရင် သစ်တွေကို စစ်တပ်ကားနဲ့ လာသယ်သွားရော” လို့ ပြောပါတယ်။
အလားတူပင် မေလ ၃၀ ရက်က လယ်ဝေး မြို့နယ်၊ တံတားဦး-ရွှေဟင်္သာ ကျေးရွာချင်းဆက်လမ်းပေါ် အရောက်မှာ သစ်တန်ချိန် ၁၅၆၀ တင်ဆောင်လာတဲ့ ခြောက်ဘီးကား ၁ စီးကို စစ်တပ်က ဖမ်းဆီးပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို ပုဒ်မ ၄၁ နဲ့ အမှုဖွင့်ထားပါတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ သစ်တွေကို ဇမ္ဗူသီရိ မြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ ရွှေကြာပင်လမ်းနဲ့ မြတ်မင်္ဂလာလမ်း ထောင့်မှာ ဖွင့်လှစ်မယ့် NSPNC ရုံး တည်ဆောက်ရာမှာ အသုံးပြုသွားမှာ ဖြစ်ပြီး လက်တလော စစ်တပ်က သိမ်းဆည်းထားတယ်လို့ Non CDM ဝန်ထမ်း တစ်ဦးက CJ Platform ကို ပြောပါတယ်။
“NSPNC ရုံးက ပန္နက်ရိုက်ပြီးကတည်းက သစ်ကားတွေ ဆက်တိုက် အဖမ်းခံရတာ။ ဖမ်းထားတဲ့ သစ်တွေကိုလည်း စစ်တပ်က ဇမ္ဗူသီရိ မြို့နယ်ကို ပို့နေတာ။ ရုံးဆောက်တဲ့နေရာမှာ ဖမ်းမိတဲ့ သစ်တွေ သုံးမယ်ကြားတယ်” လို့ ပြောပါတယ်။
မေလ ၂၅ ရက်က ဇမ္ဗူသီရိ မြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ မြေ ၈ ဒသမ ၅ ဧက အကျယ်အဝန်း ရှိတဲ့နေရာမှာ စုစုပေါင်း အခန်း ၄၂ ခန်း ပါဝင်တဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (NSPNC) ရုံး တည်ဆောက်ရန် စစ်ကောင်စီတပ်က ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပန္နက်ရိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ – Pro/SAC
