ကျိုက္ခမီမြို့မှာ လေဖြတ်နေသူကို ကူညီလုပ်ကိုင်ပေးသူက လည်ပင်းကို ဓားနဲ့ထိုး

Author CJ Platform
Categories
Published on Jun 02, 2026

မွန်ပြည်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင်းမှာ ဇွန် ၁ ရက် ညနေ ၆ နာရီက လေဖြတ်နေသူ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးကို ကူညီလုပ်ကိုင်ပေးသူက လည်ပင်းကို ဓားနဲ့ထိုးကာ သတ်ဖြတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

မနေ့က ညနေ ၆ နာရီက ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်၊ ဦးရေဝတလမ်းမှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် ဦးကျော်ဇေယျာထွန်းကို ကူညီလုပ်ကိုင်ပေးသူက သတ်ဖြတ်ခဲ့တာလို့ မြို့ခံ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“အသတ်ခံရတဲ့သူက လေဖြတ်နေတာ။ သတ်တဲ့သူက ကူညီလုပ်ပေးနေတဲ့သူ၊ လုပ်ကိုင်ပေးရင်း သူ့ကို ဆဲလို့ဆိုပြီး ကြက်သွန်လှီးတဲ့ဓားနဲ့ လည်ပင်းကို လှီးတာ။ ချက်ချင်းတော့ မသေဘူး၊ ဆေးရုံပို့တဲ့အချိန် လမ်းမှာ ဆုံးသွားတာ” လို့ ပြောပါတယ်။

 

သေဆုံးသူ ဦးကျော်ဇေယျာထွန်းကို အရပ်ဘက် လူမှုကူညီရေး အဖွဲ့အစည်းတွေက မော်လမြိုင်ဆေးရုံကို ပို့ဆောင်စဉ် လမ်းခုလတ်မှာ သေဆုံးသွားတာလို့ သိရပါတယ်။

 

လက်တလောမှာ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရသူ ကိုအောင်နိုင်ထူးကို ကျိုက္ခမီနယ်မြေ ရဲစခန်းက (ပ) ၂၅/၂၀၂၆၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်ကလည်း ကျိုက္ခမီမြို့ပေါ်မှာ အရက်မူးနေသူ တစ်ဦးကို လူငယ် တစ်ဦးက ဓားနဲ့ ခုတ်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်