ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဝါဒဖြန့်စာမျက်နှာ ပြန်လည်ပေါ်ထွက်လာပြီး ဝါဒဖြန့်မှုများ ဆက်လုပ်နေ
ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်က “Head of State” အမည်ခံ ဖေ့စ်ဘွတ်ခ်စာမျက်နှာအသစ်ကို ပြီးခဲ့တဲ့ ဧပြီလက ဖွင့်လှစ်ပြီး နာရီပိုင်းအတွင်း ဖယ်ရှားခံခဲ့ရပေမဲ့ လက်ရှိမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်သို့ ပြန်လည်ပေါ်ထွက်လာပြီး ဝါဒဖြန့်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်မှာ “Head of State” အမည်နဲ့ Government Official စာမျက်နှာအသစ် ၁ ခုကို President Office Page ဖြစ်ကြောင်းနဲ့ Official Website Link တွေကို ချိတ်တွဲခဲ့ပြီး Follower ၁၂၆ ဦး ရောက်ရှိချိန် နာရီပိုင်းအတွင်းမှာပင် မိခင်ကုမ္ပဏီဖြစ်သော မက်တာ (Meta) က ပြန်လည်ဖြုတ်ချခဲ့ပါတယ်။
ဒါပေမဲ့ အဆိုပါ ဖယ်ရှားခံရမှုတွေအပြီး လက်ရှိအချိန်မှာ “Head of State” ကို News & Media Website စာမျက်နှာအမျိုးအစားနဲ့ နိုင်ငံတော်အကြီးအကဲအား ဝန်းရံထောက်ခံသူများအတွက် Fan Page လို့ ရေးသားဖော်ပြထားကာ ဧပြီ ၂၃ ရက်ကစလို့ ဝါဒဖြန့်မှုတွေကို အွန်လိုင်းပေါ်မှာ ဆက်လက်တင်ပြနေပြီး၊ လက်ရှိတွင် စစ်ခေါင်းဆောင်ရဲ့ အိန္ဒိယခရီးစဉ် အကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်ဖြန့်ဝေ တင်ပြနေတာကို တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်တွေကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီတပ်ပိုင် လူမှုကွန်ရက် စာမျက်နှာတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး မူဝါဒများအရ Meta က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက အမြဲတမ်း ပိတ်ပင်ထားခြင်း ဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Justice For Myanmar ရဲ့ တိုင်ကြားချက်အရ မက်တာ (Meta) သည် စစ်ကောင်စီရဲ့ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ရာဇဝတ်မှုတွေအတွက် အခွန်ငွေ ရှာဖွေပေးနေတဲ့ မိုင်တဲလ် (Mytel)၊ အမ်အီးစီတဲလ် (MECtel) အရောင်းကိုယ်စားလှယ် စာမျက်နှာများ၊ အကောင့်တွေနဲ့ စစ်အုပ်စု ဝါဒဖြန့် ချန်နယ်တွေဖြစ်တဲ့ MRTV၊ မြဝတီ (MWD) တို့ရဲ့ ဝါဒဖြန့်ချိမှု ဖြန့်ဝေနေတဲ့ အကောင့် စုစုပေါင်း ၁၀၉ ခုကို ဖယ်ရှားခဲ့ဖူးပါတယ်။
စစ်အုပ်စုဟာ သူတို့ရဲ့ ဝါဒဖြန့်စာမျက်နှာတွေကို Follow လုပ်ဆောင်ပြီး တင်သမျှ Post တွေကို Like ပေးဖို့ သူတို့လက်အောက်ခံ ဝန်ထမ်းတွေကို စာထုတ် ညွှန်ကြားထားတယ်လို့ ပေါက်ကြားလာတဲ့ အချက်အလက်တွေအရ သိရပါတယ်။
