နမ့်ခမ်း ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုမှာ သေဆုံးသူ ၅၅ ဦးထိ ရှိလာ

Author CJ Platform
Categories
Published on Jun 01, 2026

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာ တစ်ရွာမှာ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၅၅ ဦး သေဆုံးပြီး ဒေသခံ ၇၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းပြည်ကောင်စီ (TLC) က ဒီကနေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။

 

မေလ ၃၁ ရက် နေ့လယ်ပိုင်းမှာ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာရှိ ယမ်းသိုလှောင်ရုံမှာ ပြင်းထန်စွာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။ အဲဒီယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် ဒေသခံ ၅၅ ဦး သေဆုံးကာ ၇၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် အဆောက်အအုံ အများအပြားလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ယခုဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ဒေသခံပြည်သူတွေ၊ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့ ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း တအာင်းပြည်ကောင်စီ (TLC) က ဒီကနေ့ ဇွန်လ ၁ ရက်မှာ ထုတ်ပြန်ကာ ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။

 

ပေါက်ကွဲမှုဖြစ်ပွားရာ ကောင်းတပ်ကျေးရွာရှိ ဒေသခံမိဘပြည်သူတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးနဲ့ ပျက်စီးသွားတဲ့ နေအိမ် အဆောက်အအုံတွေ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပရှိ ပြည်သူတွေအနေနဲ့ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့လည်း TLC က တိုက်တွန်းနှိုးဆော်ထားပါတယ်။

 

အဲဒီပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာအနီးမှာ ဒရုန်း တစ်စင်း ဖြတ်သန်းပျံသန်းသွားတာကို မျက်မြင်တွေ့ရှိခဲ့ရကြောင်းနဲ့ ပေါက်ကွဲမှုတွေကြောင့် နေအိမ်များစွာ ပျက်စီးကာ ထိခိုက်သေဆုံးမှု အများအပြား ရှိနေပြီး မိသားစုလိုက် ထိခိုက်သေဆုံးမှုတွေ ရှိနေခြင်းကြောင့်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက် ရေးသားချက်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – Ta’ang Women’s Organization